သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ထိုင်းအစိုးရကို လွှတ်တော်အမတ်တွေတိုက်တွန်း


မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁) မှာရှိတဲ့ ထိုင်း လဝက စစ်ဆေးရေးဂိတ်။
မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁) မှာရှိတဲ့ ထိုင်း လဝက စစ်ဆေးရေးဂိတ်။

မြန်မာပဋိပက္ခကို ဖြေရှင်းဖို့အတွက် အချက် ၄ ချက်ပါတဲ့ အကြံပြုချက်ကို ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အဆိုပြုတင်သွင်းလိုက်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာပဋိပက္ခကို တုံ့ပြန်နိုင်မဲ့ အစီအစဉ်တွေ ချမှတ်ထားဖို့အပါအဝင် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက ဝိုင်းဝန်းဖြေရှင်းပေးကြဖို့လည်း ကော်မတီက အကြံပြုထားတာပါ။ ဒီအကြံပြုချက်တွေဟာ မြန်မာ့အရေးကို တကယ်ပဲ ချဉ်းကပ်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေကြပါတယ် ။ ဒီသတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော်ထွန်းက ပြောပြမှာပါ။

ထိုင်းအစိုးရအနေနဲ့ မြန်မာ့အရေးကို ချက်ချင်းတုံ့ပြန်နိုင်အောင် လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ တာဝန်ရှိသူတွေက အထူးအစီအစဉ်တခု ရေးဆွဲဖို့၊ မြန်မာဘက်မှာ ပဋိပက္ခပိုပြီး ပြင်းထန်လာရင် ဒုက္ခသည်တွေ နယ်စပ်ကို ဝင်ရောက်လာမဲ့ကိစ္စကို ကြိုတင်ပြင်ဆင်ထားဖို့၊ ဒုက္ခသည်စခန်းအတွင်းမှာရှိသူ ၁၀,၀၀၀ ကိုဘဲ စာနာမှုကူညီပေးမဲ့အစား ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ ဒုက္ခသည်တွေအားလုံးကို အကူအညီတွေ တိုးပြီးပေးဖို့၊ မြန်မာနိုင်ငံမှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းရေးအတွက် ထိုင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ တရုတ်နဲ့ အိန္ဒိယတို့ပါဝင်တဲ့ ဦးဆောင်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ပေါ်ထွက်လာရေး ထိုင်းနိုင်ငံက စည်းရုံး လှုံ့ဆော်ပေးဖို့ စတဲ့ အချက် ၄ ချက် ကို ထိုင်း အစိုးရအနေနဲ့ အကောင်အထည်ဖေါ်ဖို့ ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက အဆိုပြုတင်သွင်းလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ဒီကနေ့ မတ်လ ၁၈ ရက်နေ့က ဖေါ်ပြထားတာပါ။

အိန္ဒိယ တက္ကသိုလ်၊ ပြည်သူ့ရေးရာမူဝါဒ သုတေသီဖြစ်တဲ့ R. Lakher ကတော့ သူ့အနေနဲ့ ဒီအကြံပြုချက်တွေကို ကြိုဆိုလက်ခံကြောင်း ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒက အကျိုးစီးပွားအပေါ်မှာပဲ အခြေခံထားကြောင်း ပြောပါတယ်။ ဒါကြောင့် အကျိုးစီးပွားကို ထိခိုက်လာမှပဲ မြန်မာ့အရေးကို ဖြေရှင်းဖို့ကြိုးပမ်းကြကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက ရေးဆွဲလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် သက်ရောက်လာမဲ့ အကျိုးဆက်တွေကို ထိုင်းကတွက်ဆထားကြောင်း သူကပြောပါတယ်။

" ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးသော်လည်းကောင်း၊ ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်ပြီးသော်လည်းကောင်း အဲလိုပြဿနာတွေ မြင့်တက်လာဖို့ ရှိနေတာကို သူတို့ ကြိုတင်ခန့်မှန်း၊ တွက်ဆထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ထိုင်းကအခုလို ကမကထပြုလိုက်ပါတယ်၊ ဒါပေမဲ့ သူကအရင်ဆုံး တရုတ်ကို စည်းရုံးရဦးမယ်၊ အိန္ဒိယကို စည်းရုံးရဦးမယ်။ ပြီးရင် သူ့ရဲ့ အာဆီယံ member တွေကိုလည်း စည်းရုံးရဦးမယ်။ လောလောဆယ် အစပဲရှိသေးတဲ့အခါကြတော့ အောင်မြင်မလား၊ အလုပ်ဖြစ်မလား ဆိုတဲ့ဟာကတော့ သုံးသပ်ဖို့ ပြောဖို့ စောပါသေးတယ်။ ဒါမှမဟုတ်ရင် ထိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒီလိုမျိုးကြိုးပမ်းမှုတွေ ဆောင်ရွက်နေပါတယ်ဆိုတာကို နိုင်ငံတကာကို ပြဖို့လောက်ပဲ လုပ်တာလား၊ စေတနာပါပါနဲ့တကယ် လုပ်လာမလား ဆိုတဲ့ဟာကို စောင့်ကြည့်ရမှာပေါ့လေ။"

အခုတင်ပြထားတဲ့ အဆိုပြုချက်တွေဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ဖြစ်တဲ့ - အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရေး၊ မြန်မာနိုင်ငံအတွင်း စာမှုအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ပို့ပေးနိုင်ရေး စတဲ့ အချက်တွေနဲ့ ကိုက်ညီကြောင်းလည်း ပြောဆိုထားပါတယ်။ အခုအခါမှာ ထိုင်း မြန်မာနယ်စပ်တလွှား နိုင်ငံတကာက အကူအညီတွေ၊ မိသားစု ထောက်ပံ့ငွေတွေနဲ့ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ အများအပြား ရှိနေတာပါ။ တကယ်တော့ သူတို့ဟာ ထိုင်းအစိုးရပြောနေတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို လက်တွေ့မှာ မရရှိကြောင်း မြန်မာဒုက္ခသည်တွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ရဲ့ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။

" ပြည်သူတွေအားလုံးက နယ်စပ်ကိုရောက်လာရင် ထိုင်းအကူအညီရမှာပဲ၊ သူတို့ထိုင်းအစိုးရက ပေါ်လစီတွေအမျိုးမျိုး ပြောတာပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ အယုံအကြည် မရှိပါဘူးဗျာ။ အခုလက်ရှိအနေအထားမှာ ပြည်သူတွေက အဖမ်းခံ၊ ပိုက်ဆံတွေအဆမတန် ပေးပေးပြီးတော့မှ... မဲဆောက်လိုမြို့ကြီးမှာဆိုရင် အရင်က လက်ဖက်ရည်ဖိုးလေးပေးပြီး လွတ်တဲ့နေရာမျိုးမှာ၊ သူတို့ကူညီမယ်ဆိုတဲ့ အနေအထားမျိုးမှာ (ထိုင်းဘတ်ငွေ) သောင်းနဲ့ချီ တောင်းနေတာတွေ တွေ့နေရတယ်။ ဒါကြောင့် သူတို့ပြောတာနဲ့ မြေပြင်မှာဖြစ်နေတာနဲ့ တမျိုးစီဖြစ်နေတယ်။"

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တို့ ပူးပေါင်းလုပ်ဆောင်နေတာ ရှိပါတယ်။ ဒါကတော့ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေအောက်ကနေ နှစ်နိုင်ငံ ကြက်ခြေနီအဖွဲ့တွေကို နယ်စပ်မှာ စေလွှတ်ထားကြဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ စစ်ဘေးရှောင်တွေအတွက် အထောက်အပံ့တွေကို မဲဆောက်ခရိုင်မှာရှိတဲ့ ချစ်ကြည်ရေးတံတား အမှတ်(၂)ကနေ အခုလာမဲ့ မတ်လ၂၅ရက်မှာ ပထမဦးဆုံး ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်က မြန်မာစစ်ကောင်စီနဲ့ လက်တွဲပြီးလုပ်တဲ့ အာဆီယံရဲ့ အစီအစဉ်ဖြစ်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေက စစ်ဘေးရှောင်တွေကတော့ ဒီအစီအစဉ်မှာ ပါဝင်မှာလားဆိုပြီးတော့လည်း တချို့က မေးခွန်းထုတ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG