သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အထောက်အထားမဲ့မြန်မာ ၉၄ ဦး ဖမ်းဆီးခံရ


မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနာ့ဘူရီခရိုင်မှာ ၆ ဘီးကုန်တင်ကားနဲ့ တရားမဝင်သယ်လာတဲ့ မြန်မာ ၉၄ ဦးကို ရဲစစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးထားပုံ။ (မတ်လ ၃၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနာ့ဘူရီခရိုင်မှာ ၆ ဘီးကုန်တင်ကားနဲ့ တရားမဝင်သယ်လာတဲ့ မြန်မာ ၉၄ ဦးကို ရဲစစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးထားပုံ။ (မတ်လ ၃၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်း-မြန်မာနယ်စပ် Kanchanaburi ခရိုင်မှာ ကုန်တင်ကားနဲ့ တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာ ၉၄ ယောက်ကို ထောင်ပါပွန်း မြို့နယ် ထခွမ် ရဲစစ်ဆေးရေး ရဲတပ်ဖွဲ့က မတ်လ ၃ ရက် နေ့မနက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ အရေအတွက်အများဆုံး အစုလိုက်အပြုံလိုက် ဖမ်းမိတာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် Kanchanaburi ခရိုင်မှာ ကုန်တင် ၆ ဘီးကားကြီးနဲ့ မြန်မာ ၉၄ ယောက်ကို ပွဲစားတွေက တရားမဝင် သယ်ဆောင်လာတာဖြစ်ပါတယ်။

ကလေး-လူကြီး ၉၀ ကျော်လိုက်ပါလာတဲ့ကုန်တင်ကားကြီးကို ထောင်ပါပွန်မြို့နယ် ထခွမ် ရဲစစ်ဆေးရေးဂိတ်ကနေ မသင်္ကာလို့ စစ်ဆေးခဲ့ရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ထိုင်းနဲ့မွန်ပြည်နယ်စပ် Kanchanaburi ခရိုင်ထဲမှာ မြန်မာ ၉၄ ယောက်ကို ကမ်ချနဘူရီခရိုင် ထောင်ပါပွန်း မြို့နယ် ထခွမ် ရဲစစ်ဆေးရေး ရဲတပ်ဖွဲ့က မတ်လ ၃ ရက်နေ့မနက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။ သူတို့ ၉၄ ယောက်ကို ကမ်ချနဘူရီခရိုင် ထောင်ပါပွန်း မြို့နယ် ဘယ်လိုဖမ်းမိသလဲဆိုတော့ သူတို့စီးလာတဲ့ကုန်တင်ကားကို ရဲကနေ မသင်္ကာတာနဲ့ လိုက်ပြီးစစ်ဆေးရာကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦး ကလေးငယ် ငါးဦး၊ စုစုပေါင်း ၉၄ ဦးကို ပြည့်ကြပ်ညပ်နေအောင် ကားပေါ်မှာလိုက်ပါလာတာဖြစ်တယ်။ အရေအတွက်အများဆုံး အဖမ်းခံရတဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတခုလို့ပြောချင်ပါတယ်။"

သူတို့တွေဟာပွဲစားကို ဘတ်ငွေ ၃ သောင်းခန့် မြန်မာငွေနဲ့ဆို ကျပ်ငွေ သိန်း ၃၀ လောက်ပေးပြီး ထိုင်းမှာအလုပ်လုပ်ဖို့ထွက်လာကြတာပါ။ သူတို့တွေကို သယ်ဆောင်လာတဲ့ကုန်တင်ယာဉ်မောင်းကတော့ ထွက်ပြေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"သူတို့ ၉၄ ယောက်ဟာ ပွဲစားကို တယောက်အတွက် ဘတ်ငွေ နှစ်သောင်းခွဲကနေ ဘတ် သုံးသောင်းကြား ပေးပြီး လိုက်ပါလာကြသူတွေဖြစ်တယ်။ ကုန်တင်ယာဉ်မောင်းသမားကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ရဲက သူ့ကို အပူတပြင်း ရှာဖွေဖမ်းဆီးနေဆဲဖြစ်ပါတယ်။"

အထောက်အထားမဲ့ဝင်ရောက်လာတဲ့မြန်မာတွေကိုတော့ လဝကဥပဒေနဲ့အရေးယူပြီး မြန်မာဘက်ကို ပြန်ပို့သွားမယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ အလားတူ မတ်လ ၁ ရက်နေ့ကလည်း တာ့ခရိုင် ထဆောင်ရမ်းမြို့နယ်ထဲမှာ ပစ်ကပ်ကားတစီးပေါ်မှာမြန်မာ ၁၁ ဦးဖမ်းမိခဲ့သလို သစ်သီးခြင်းတွေကြားမှာ ပုန်းခိုလိုက်လာတဲ့မြန်မာ ၈ ဦးကိုလည်း ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ကဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ တရားဝင်အထောက်အထား လုပ်ကြတဲ့ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်းသုံးသန်း လေးသိန်းကျော်ရှိပြီး (၃,၄၁၅, ၇၇၄ ) တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားကတော့ စုစုပေါင်း (နှစ်သန်း သုံးသိန်းကျော်) ၂,၃၇၉, ၇၆၄ ရှိနေပါတယ်။ ဒီထဲမှာ မြန်မာက အများဆုံးဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူ အထောက်အထားမရှိတဲ့မြန်မာတွေလည်း ၂ သန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။ အခုလိုမျိုး တရားမဝင်လမ်းတွေကနေလာရင်း အဖမ်းခံရသူတွေက နှစ်စဉ် သောင်းဂဏန်းနဲ့ရှိနေပြီး ကိုဗစ်ကပ်ဘေးကာလကတော့ တနှစ်ကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၅ သောင်းလောက် ဖမ်းဆီးခံရတာတွေလည်းရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG