သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာ့ခ်ခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရ


ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ ဇန် ဝါရီလ ၄ ရက်၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ ဇန် ဝါရီလ ၄ ရက်၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဇန်နဝါရီလ ၄ ရက်နေ့မှာ ဖမ်းမိပါတယ်။ နှစ်သစ်ကူးပြီးတဲ့ ၄ ရက်အတွင်း တာ့ခရိုင် မဲဆောက်နဲ့အနီးတဝိုက် မြို့နယ်တွေမှာ တရားမဝင်မြန်မာ ၉၀ လောက်ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

၂၀၂၄ ခုနှစ်၊ နှစ်သစ်ကာလမှာ မြန်မာနိုင်ငံတွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသားတွေ တရားမဝင်လမ်းကြောင်းကနေ အလုံးအရင်းနဲ့ ဝင်ရောက် လာနေကြောင်း ထိုင်း နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေကပြောပါတယ်။ တာခ့်ခရိုင်ထဲမှာတော့ ဇန်နဝါရီလ ၄ ရက်နေ့က တရားမဝင် မြန်မာ ၃၆ ယောက်ကို နယ်ခြားစောင့်တပ်က ဖမ်းလိုက်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

"၂၀၂၄ နှစ်သစ် ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်အနီး ဖွတ်ဖရမြို့နယ် Huai Nam Nak Village ကျေးရွာအနီးမှာ အမှတ် ၄၂၂ နလေစမ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက မသင်္ကာစရာ ပစ်ကပ်ကားသုံးစီးကို ပိတ်ဆို့ဖမ်းဆီးခဲ့တာမှာ လူပွဲစားသုံး‌ဦး နဲ့အတူ ကားသုံးစီး‌ပေါ်မှာ တရားမဝင်တင်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၃၆ ဦးကို ဖမ်းဆီးရမိပါတယ်။ သူတို့တွေကို ထိုင်းလဝကကို လွှဲလိုက်ပါတယ်။ အလားတူပဲ ဒီကနေ့မနက်မှာပဲ မယ်သောင်ကျေးရွာမှာ တရားမဝင် လာရောက် လုပ်ကိုင်နေတဲ့ မြန်မာ ၁၇ ဦး ဖမ်းဆီးတဲ့အကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။"

အခုဆိုရင် ၂၀၂၄ နှစ်စ ၄ ရက်အတွင်းမှာပဲအထောက်အထားမဲ့မြန်မာ ၈၇ ယောက်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာပဲ မဲဆောက်အနီး နယ်စပ်မှာ တရားမဝင် မြန်မာ ၃၄ ယောက်လောက်ကို ဖမ်းမိတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ မဲဆောက်အနီးကို တရားမဝင် ဝင်ရောက်လာတဲ့မြန်မာ ၈၇ ယောက်ဖမ်းမိတယ်လို့ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားတာရှိပါတယ်။"

ဒါကတော့ ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင်တခုတည်းမှာဖြစ်ပါတယ်။ တခြားခရိုင်တွေမှာလည်း မြန်မာတွေ အစုအဝေးနဲ့ဖမ်းမိနေတာတွေလည်း ရှိနေပါတယ်။ အခုဆိုရင် ထိုင်းနယ်ခြားစောင့်တပ်တွေဖမ်းမိတဲ့ သတင်းတွေကို ကိုးကားပြီး ၂၀၂၃ ခုနှစ် တနှစ်အတွင်း အထောက်အထားမဲ့မြန်မာ တသောင်းခွဲလောက်ဖမ်းမိတယ်လို့ ထိုင်းမီဒီယာတွေကလည်းဖော်ပြကြပါတယ်။ မြန်မာနိုင်ငံရဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနယ်စပ်ကို မြန်မာတွေအစုအဝေးနဲ့ နှစ်သစ်မှာဝင်ရောက်လာတာဖြစ်တယ်လို့လည်း ထိုင်းနယ်ခြားစောင့်တပ် တာဝန်ရှိသူတွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG