သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ထိုင်းနိုင်ငံရဲ့မြန်မာမူဝါဒ ပြန်လည်ဆန်းစစ်နေဟု ယူဆရ” သံအမတ်ကြီးဦးကျော်မိုးထွန်း


မြန်မာဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေမြန်မာဌာန သီးသန့်အင်တာဗျူး။
မြန်မာဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေမြန်မာဌာန သီးသန့်အင်တာဗျူး။

မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးနီးနီးကပ်ကပ်ရှိခဲ့တဲ့ထိုင်းနိုင်ငံဟာ အခုတော့ မြန်မာအပေါ်ထားတဲ့မူဝါဒကို ပြန်ပြီးစဉ်းစားနေတယ်လို့မြင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကိုပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် Srettha Thavisin လက်ထက်မှာ အိမ်နီးချင်း မြန်မာရဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို ဖြေရှင်းရေး တက်တက်ကြွကြွ ဦးဆောင်လာနေတာနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းလွှတ်တော်မှာပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ သံအမတ်ကြီးအပါအဝင် NUG အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးနဲ့ NUCC တို့ကို ထိုင်းလွှတ်တော်ဘက်က ဘာကြောင့်ဖိတ်ခေါ်ခဲ့သလဲရှင့်။

ဦးကျော်မိုးထွန်း။ ။ ကျနော်နားလည်သလောက်ဆိုရင် တချို့ဟာတွေလည်း ကျနော်စီစဥ်တာမဟုတ်တဲ့အတွက်ကြောင့် သူများပြောတဲ့ဥစ္စာနဲ့ ဖိတ်တဲ့လူရဲ့ပြောတဲ့ဥစ္စာလောက်ပဲ ကျနော်ပြန်ပြောလို့ရမှာပေါ့နော်။ အထူးသဖြင့်တော့ ထိုင်းပါလီမန်ပေါ့နော်-အထူးသဖြင့် သူတို့ရဲ့ National Security Border Affairs Committee ကနေပြီးတော့ စီစဥ်တဲ့ seminar တခုပေါ့နော်။ ပါလီမန်ကော်မတီအပြင်ပေါ့နော် အခြားအဖွဲ့အစည်းတွေကလည်း co-sponsor ပူးတွဲပြီးတော့ စီစဥ်တဲ့အဖွဲ့တွေလည်း ပါပါတယ်။...ဆိုတော့ ပေါင်းလုပ်တာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ နောက်တခုကကျတော့လည်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ရင်း ဒေသတွင်း အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းအနေနဲ့ ဆောင်ရွက်တဲ့ဥစ္စာတွေကို ပိုပြီးတော့ တက်ကြွစေချင်တဲ့သဘောကြောင့်လည်း ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ လုပ်တာကလည်း Move Forward Party က ဦးဆောင်လုပ်တယ်လို့ ကျနော် နားလည်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အခု ထိုင်းမှာလည်း အစိုးရသစ်တက်လာတယ်။ ပြီးတော့ အစိုးရသစ်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုပ်ကိုင်နိုင်ဖို့အတွက်ကို သတင်းအချက်အလက်တွေ ပိုရရှိအောင်၊ မြေပြင်မှာဖြစ်တဲ့ဥစ္စာတွေကို ပိုသိအောင် အဲဒီအတွက် စီစဥ်တယ်လို့ ကျနော်နားလည်ပါတယ်။

အင်ကြင်းနိုင်။ ။ အိမ်နီးချင်း ထိုင်းရဲ့ဆက်ဆံရေးကိုကြည့်ရင် စစ်ကောင်စီနဲ့အလွန်နီးစပ်တာတွေ့ရတယ်။ ဒါပေမယ့် အခုထိုင်းလွှတ်တော်မှာ မြန်မာ့အရေးကျင်းပတာကိုကြည့်ရင် လက်ရှိထိုင်းအစိုးရက မြန်မာအပေါ်ထားတဲ့မူဝါဒကို ပြန်ပြီး စဉ်းစားနေတယ်လို့ ပြောနိုင်လား။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့၊ ကျနော်လည်း အဲလိုမျိုး နားလည်ပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ အရင် ပြီးခဲ့တဲ့အစိုးရကတော့ ဘာပြောပြော - ထိုင်းမှာ စစ်အာဏာသိမ်းပြီးတော့ တက်လာတဲ့အစိုးရဖြစ်တယ်။ အခုအစိုးရကတော့ ရွေးကောက်ခံပြီးတော့မှ အရွေးချယ်ခံပြီးတက်လာတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ ပြည်သူ့အသံပေါ့- ပိုပြီးနားထောင်လာတယ်လို့တော့ နားလည်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာလည်း အားလုံးသိတဲ့အတိုင်း Move Forward party ကတော့ ခုံ (အမတ်) နေရာအများဆုံး ရတဲ့ပါတီလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့ - ဒါက ကျနော့်အမြင်ပေါ့နော်- သူတို့ ထိန်းကျောင်းနိုင်အောင်ပဲ - ထိန်းကျောင်းနိုင်တယ်ဆိုတာက အစိုးရကို inputs ပေးနိုင်အောင်လည်း သူတို့ စီစဥ်ခြင်းဖြစ်တယ်လို့တော့ နားလည်ပါတယ်။

အင်ကြင်းနိုင်။ ။ ထိုင်းကနေ မြန်မာအပေါ် လူသားချင်းစာနာမှုအကူအညီပေးရေးကို ဦးဆောင်သွားမယ်ဆိုတဲ့ အနေအထားမှာ သံအမတ်ကြီးတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရောရှိမလား။

ဦးကျော်မိုးထွန်း။ ။ ကျနော်မြင်တာပေါ့နော်၊ အခုလိုမျိုး လွှတ်တော်ကော်မတီကနေ စီစဥ်တဲ့ ပလက်ဖောင်းတခုကလည်းပဲ - ကျနော်တို့ရဲ့အသံတွေ၊ ကျနော်တို့ရဲ့ဖြစ်စေလိုတဲ့ဥစ္စာတွေ၊ ပြည်သူတွေက လိုလားတဲ့ဥစ္စာတွေကို နားထောင်လို့ရတဲ့ ပလက်ဖောင်းတခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ပြောသံတွေ၊ ဒီလိုမျိုးပြောကြားချက်တွေ၊ ဒီလိုမျိုး ထောက်ပြချက်တွေကို ထိုင်းပါလီမန်ကသိရှိသလို လက်ရှိထိုင်းအစိုးရကလည်း သိရှိမယ်လို့ ကျနော်တို့ နားလည်ပါတယ်ပေါ့နော်။ နောက်တခုက အခုလိုမျိုး ထိုင်း initiative လုပ်တာနဲ့ပတ်သက်လို့ တချို့ဥစ္စာတွေတော့ လောလောဆယ်တော့ ကျနော်ပြောလို့မရတဲ့အတွက်ကြောင့် အသေးစိတ်တော့ ပြောဖို့တော့ အနည်းငယ်ခက်ပါတယ်။ ဒါပေမဲ့လည်း တတ်နိုင်သမျှ သူတို့တွေလည်း လုပ်မဲ့ဥစ္စာကို မိန့်ခွန်းတွေထဲမှာ ထည့်ပြောတဲ့ဥစ္စာမျိုးတွေကို တွေ့ရတယ်၊ သတင်းသမားတွေနဲ့တွေ့ဆုံတဲ့ဥစ္စာတွေ ထည့်ပြောတာတွေမှာ တွေ့ရတယ်ပေါ့နော်၊ ဒါကြောင့် ကျနော်တို့ကတော့ အမြဲတမ်းထောက်ပြတဲ့ဥစ္စာကတော့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ပြောဆိုဖို့၊ ပိုပြီးတော့ ထိတွေ့မှုတိုင်းမှာ အဓိပ္ပါယ်ရှိတဲ့ meaningful engagement ဖြစ်ဖို့ဆိုတဲ့ဥစ္စာတွေကို ပြောပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG