ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတို့နေရပ်ပြန်ရေး ဘာကြောင့်နှောင့်နှေး

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ဘင်္ဂလားဒေ့ရှ်မှာ လာခိုလှုံနေတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်း ပြေလည်အောင် အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကပါ ပါဝင်ဖြေရှင်းပေးဖို့ တိုက်တွန်းပြောဆိုလိုက်သလို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာတွေ စားဝတ်နေရေးအတွက် အထောက်အကူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတာ နောက် တတိယနိုင်ငံတွေဆီ ပို့ဆောင်နိုင်ရေး စီစဉ်ပေးမှုတွေက False Hope တလွဲမျှော်လင့်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ဒါဟာ အကျပ်အတည်းတွေကို ဖြေရှင်းရာ မရောက်ဘူးလို့လည်း သတိပေးပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရဲ့ သတိပေးပြောဆိုချက်တွေ အပေါ် ရိုဟင်ဂျာတွေရဲ့ သဘောထားအမြင်ဘယ်လိုရှိပါသလဲ ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က နိုင်ငံသားအခွင့်အရေးအပြည့်အဝ ရရှိရေးနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးကသာ ရိုဟင်ဂျာအရေး အပြီးသတ်အဖြေ ဖြစ်မှာဖြစ်ပြီး ရိုဟင်ဂျာအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရာမှာ အိန္ဒိယနိုင်ငံတဲ့အတူ တရုတ်နိုင်ငံကပါ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခြားသတင်းထောက်များ အသင်း ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မေလ ၂၀ က ကျင်းပတဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးပြေလည်ရေး အလုပ်အကိုင်အခွင့်အလမ်းတွေ အထောက်အကူတွေ ဖန်တီးပေးနေတာ၊ ရိုဟင်ဂျာ အချို့ကို တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်ရေး စီစဉ်ပေးမှုတွေဟာ နေရပ်ကိုမပြန်နိုင်ကြသေးတဲ့ ရိုဟင်ဂျာတို့ကြားမှာ တလွဲမျှော်လင့်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ဒါဟာ ရိုဟင်ဂျာအကျပ်အတည်းတွေကို ဖြေရှင်းရာ မရောက်ဘူးလို့လည်း သတိပေးပါတယ်။

ဒီလိုမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ရိုဟင်ဂျာတွေအရေး ဝိုင်းဖြေရှင်းပေးဖို့ အိန္ဒိယနဲ့ တရုတ်ပါ ဝိုင်းကူပေးဖို့ အကူအညီတောင်းတယ် အဲ့အပေါ် ဘယ်လိုရှု့မြင်သလဲ တကယ်တမ်း တာဝန်ရှိသူက မြန်မာနိုင်ငံက အာဏာပိုင်တွေပဲဖြစ်တာမို့ မြန်မာနိုင်ငံဘက်က တကယ်ပဲ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ဖို့ စိတ်ဆန္ဒရှိမယ်ထင်ပါသလားလို့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အမြင်မေးကြည့်တဲ့အခါမှာ သြဇာညောင်းတဲ့တရုတ်အပါအဝင် နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဘက်ကပါ ပါဝင်ပေးတာကို ကျေးဇူးတင်သလို အမေရိကန်အပါအဝင် နိုင်ငံတကာကပါ ရိုဟင်ဂျာတွေအရေး မေ့မထားကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက တိုက်တွန်းပါတယ်။

တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေး ကြန့်ကြာနေရတာဟာ လတ်တလော ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လို့ မကြာခင် တာဝန်အဆုံးသတ်တော့မယ် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ နှောင့်နှေးရတာက ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကြောင့်လို့ပြောတယ် အဲ့ဒီ့အပေါ် ဘယ်လိုမြင်လဲ တကယ်ပဲ ရခိုင်အခြေအနေကြောင့်လားဆိုတာကို ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အမြင် ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်ကို မေးကြည့်တဲ့အခါမှာတော့- မြန်မာအစိုးရအဆက်ဆက် နေရပ်ပြန်ခေါ်ဖို့ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေရဲ့ လိုလားတောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အပြင် ခိုင်မာတဲ့အာမခံချက်တွေမရှိတာကြောင့် အကြိမ်ကြိမ်ပျက်ပြားခဲ့ရတယ်လို့ သူတို့က ပြောပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွင်း နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေကြောင့် အသက်ဘေးစိုးရိမ်ရလို့ ရိုဟင်ဂျာ ၇သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသွားကြရတာ အခုဆိုရင် ၆နှစ်ကျော်လာပြီဖြစ်ပါတယ်။ အခုဆိုရင် ၁.၃သန်းအထိရှိလာနေပြီဖြစ်တဲ့ ဒီရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရတာဝန်ရှိသူတွေအဆက်ဆက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့တာရှိပေမဲ့ ရိုဟင်ဂျာတို့နေရပ်ပြန်ရေးဟာ လက်တွေ့ အခုအချိန်အထိ အကောင်အတည် မဖော်နိုင်ပဲ ဖြစ်နေခဲ့တာပါ။

ဒီလိုအခြေအနေမှာ ဒုက္ခသည်စခန်းတွေထဲ စားနပ်ရိက္ခာဖြတ်တောက်မှုတွေအပါအဝင် အနာဂတ်မျှော်လင့်ချက်ကင်းမဲ့ပြီး ထွက်ပေါက်ပိတ်နေတဲ့ရိုဟင်ဂျာတွေအတွက်ဒုက္ခသည်စခန်းထဲမှာ အလုပ်အကိုင်ဖန်တီးပေးတာ တတိယနိုင်ငံပို့တာ မျှော်လင့်ချက် အမှားလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဲ့အပေါ် ဘယ်လိုမြင်လဲ မပြန်ရသေးဘူးဆိုရင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာပေးဖို့လိုမယ်ထင်လားလို့လည်း မေးကြည့်တဲ့အခါမှာတော့-အစစအရာရာထွက်ပေါက်ပိတ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားအပေါ် ဒီသုံးသပ်ချက်က ဝမ်းနည်းစရာကောင်းပြီး ဘာအခွင့်အလမ်းမှာ ဖန်တီးမပေးနိုင်ဘူးဆိုရင် အသက်ရှင်လျက်နဲ့ ဘဝသေနေကြမယ့်အနေအထားဖြစ်ပါတယ်လို့ ပြောပါတယ်။

အခုအခါမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွန်းလှန်ရေး စစ်ဆင်ရေးတွေထဲ ရခိုင်မြောက်ပိုင်းဘက်မှာလည်း အာရက္ခတပ်တော် AA နဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အာရက္ခတပ်တော်ဘက်က ရခိုင်ပြည်နယ်ရဲ့ အချက်အခြာကျတဲ့နေရာတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အခြေအနေမှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်နေတာရှိသလို နှစ်ဘက်တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာကျေးရွာသားတွေနဲ့ ရိုဟင်ဂျာလူငယ်တွေ အဖမ်းဆီးအသတ်ဖြတ်ခံရတာ ကျေးရွာရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတာနဲ့ ပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြား မြေဇာပင်ဖြစ်ပြီး ပြေးစရာမြေမရှိဖြစ်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဘက်က အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရခိုင်မှာ ထပ်ဖြစ်ပေါ်လာမှာကို ထိတ်လန့်စိုးရိမ်ပါကြောင်း အရေးပေါ်ထုတ်ပြန် သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်နေပါတယ်။