အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေအတွက် ကရင် BGF/KNA မှာတာ၀န်ရှိ (JFM)

KNU အခမ်းအနားတခုကိုတက်ရောက်လာတဲ့ ဗိုလ်မှူးကြီးစောချစ်သူ (မတ် ၉၊ ၂၀၂၄)

မြန်မာစစ်အုပ်စုနဲ့ မဟာမိတ်တွေဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ဆိုက်ဘာလိမ်လည်ဒုစရိုက်လုပ်ငန်းတွေ ဒေသတွင်း ကွန်ရက်ဖွဲ့ ရာဇဝတ်မှုကျူးလွန်နေကြောင်း Justic for Myanmar (JFM) ရဲ့ ဒီကနေ့ မေလ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်ပါတယ်။

JFM ရဲ့ စုံစမ်းလေ့လာချက်တွေအရ ဒီရာဇဝတ်မှုလုပ်ငန်းတွေမှာ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ ကမ္ဘောဒီယား၊ တရုတ်နဲ့ ဟောင်ကောင်တို့ က ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ထိုင်းနယ်စပ် KK Park နဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်း

တရားမဝင် ကာစီနိုရုံတွေ၊ အွန်လိုင်း လောင်းကစားရုံတွေ ဟာ ကရင်ပြည်နယ် ရထိုက်မြို့သစ်စီမံကိန်း (Yatai New City) နဲ့ ဒေါင်မေဥယာဉ် စီမံကိန်း(Dongmei Park) စတဲ့ နာမည်တွေရဲ့ အောက်မှာ ရှိနေကြတာဖြစ်ပြီး ဒီစီမံကိန်းတွေကို တရားဝင်ဖြစ်အောင်လုပ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေ ကိုလုပ်နေကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

JFM ပြောခွင့်ရ မရတနာမောင်က “ကရင် BGF/KNA တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့နိုင်ငံဖြတ်‌ကျော် ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူခြင်းမခံရပဲ ဆက်ပြီးကျူးလွန်နေဆဲဖြစ်တယ်လို့" ပြောပါတယ်။

ဒါအပြင် အာဏာသိမ်းစစ်ကောင်စီဟာ ကရင်BGF/KNA ရဲ့ ရာဇဝတ်လုပ်ငန်းတွေကို အကာအကွယ်ပေးပြီး အကျိုးအမြတ်တွေရနေတယ်လို့ ရတနာမောင်က ဆိုပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် မလေးရှား က ကုမ္ပဏီနဲ့ ဘဏ်တချို့ဟာ ကရင် BGF/KNA ဦးဆောင်တဲ့ ဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း JFM ကထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ အထောက်အထားတွေနဲ့ ဖေါ်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ရုံးရဲ့ ယခင် ဒုတိယဝန်ကြီး ဖြစ်ခဲ့သူ Dato Dr Mashitah Ibrahim နဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ယခင်သံတမန်ဟောင်း Datuk Abdul Shakor Bin Abu Bakar တို့ ဟာလည်း ကရင် BGF/KNA နဲ့ အကျိုးတူလုပ်ငန်းတွေ ပါဝင်ပတ်သက်ခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံပိုင် EXIM Bank၊ Bangkok Bank၊ Kasikorn Bank နှင့်Krungthai Bank တွေ ဟာဆိုရင်လည်း BGF/KNA ရဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကြားမှာ ဆက်စပ် ပါဝင်မှုတွေ ရှိနေတယ်လို့ JMF က ဖော်ပြပါတယ်။

ခေါင်းဆောင် စောချစ်သူ (ခေါ်) စံမြင့် နဲ့ သူ့ရဲ့ သားသမီးတွေဟာ BGF/KNA ပိုင်ကုမ္ပဏီတွေမှာ အဓိက နေရာကနေ ပါဝင်နေပြီး စီးပွားရေးလုပ်ငန်း ၆ ခုကို မိသားစုဝင်တွေက အသီးသီး ရှယ်ယာခွဲဝေပိုင်ဆိုင်ထားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်မှုလုပ်ငန်းတွေအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင်လုပ်ကိုင်နေတဲ့ ကရင် BGF/KNA အဖွဲ့နဲ့ သူရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့ မှုတ်ဆို့တွေ လုပ်ဆောင်ကြဖို့ JFM အဖွဲ့က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

SEE ALSO: ရွှေကုက္ကိုမြို့သစ်နဲ့ ငွေကြေးပတ်သက်မှု ထိုင်း EXIM ဘဏ် ငြင်းဆန်