သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုမြို့သစ်နဲ့ ငွေကြေးပတ်သက်မှု ထိုင်း EXIM ဘဏ် ငြင်းဆန် 


ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက တရားမဝင် စီးပွားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့သစ်နဲ့ဆက်စပ်ပြီး ငွေကြေးဆိုင်ရာပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ် EXIM ဘဏ်က သူတို့အနေနဲ့ ရွှေကုက္ကိုမှာ ငွေကြေးထောက်ပံ့တာမျိုးမရှိကြောင်း ဗွီအိုအေကို ဗုဒ္ဓဟူးနေ့ကငြင်းပါတယ်။

ကရင်အမျိုးသားတပ်မတော် (KNA) လို့ အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ပိုင် စီးပွားလုပ်ငန်းစုကြီးတွေဟာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နဲ့ ဟောင်ကောင်နိုင်ငံတွေက ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်း ဆက်စပ်နေပြီး တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ Justice For Myanmar အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲမှာ ဒေသတွင်းနိုင်ငံတွေနဲ့ အကျိုးစီးပွားတွေ ပတ်သက်နေတဲ့အထဲမှာ ထိုင်းက EXIM ဘဏ်အမည်လည်း ပါဝင်နေတာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံက ခရုန်ထိုင်းဘဏ် (Krung Thai)၊ ခါစီခွန် ဘဏ်(Kasikorn)၊ ဘန်ကောက်ဘဏ် (Bangkok) တွေလည်း ပါဝင်နေပေမယ့် Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့မေးမြန်းချက်ကို အဲဒီ ဘဏ်တွေကတော့ မတုံ့ပြန်သေးပါဘူး။

ထိုင်း EXIM ဘဏ်ရဲ့တုံ့ပြန်ချက်ထဲမှာတော့ “သူတို့ ဘဏ်အနေနဲ့ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာရှိတဲ့ စီမံကိန်းနေရာတွေကို ဖိတ်ကြားလို့ တက်ရောက်တာမျိုးတွေရှိပေမယ့် လက်ရှိအချိန်ထိတော့ ရွှေကုက္ကိုမြို့သစ်မှာ ရင်းနှီးမြှုပ်နှံ ငွေကြေးထောက်ပံ့တာတွေ မလုပ်ရသေးဘူး” လို့ VOA ကို အီးမေးလ်ကတဆင့် ပြန်လည် ဖြေကြားပါတယ်။

Justice For Myanmar အဖွဲ့ကတော့ အထူးသဖြင့် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေက အာဏာပိုင်တွေအနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကိုယ့်နိုင်ငံသားတွေနဲ့ ကိုယ့်နိုင်ငံတွင်းမှာ နေထိုင်သူတွေ ပါဝင်ပတ်သက်နေတာအတွက် တာဝန်ခံဖို့လည်း တောင်းဆိုထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်နမိတ်အတွင်းမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF /KNA နဲ့ သူ့အပေါင်းအပါတွေ လုပ်ငန်းလည်ပတ်နေတာကို ပိတ်ပင်ဖို့လည်း တိုက်တွန်းထားပါတယ်။

“ကရင် BGF/KNA ဟာ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအတွက်တာဝန်ရှိပြီး လုံးဝအပြစ်ပေးခံရမှာ ဖြစ်တယ်” လို့ Justice For Myanmar အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထဲမှာ ပြောပါတယ်။

ရွှေကုက္ကိုမြို့သစ်ကလုပ်ငန်းတွေကတဆင့် ကရင်နယ်ခြားစောင့်တပ် (KNA/BGF) အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်း မိသားစုဝင်တွေနဲ့ အပေါင်းအပါတွေဟာ နိုင်ငံဖြတ်ကျော် စီးပွားရေး ကွန်ရက်ကြီးတည်ဆောက်ထားနိုင်ပြီး လူအမြောက်အမြားကို ကျယ်ကျယ်ပြန့်ပြန့် ဒုက္ခရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ဆိုင်ဘာလိမ်လည်တဲ့လုပ်ငန်းတွေ၊ တရားမဝင်လောင်းကစား ကာစီနိုရုံတွေနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ ပါဝင်ပါတယ်။

Justice For Myanmar ရဲ့ထုတ်ပြန်ချက်အရ တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံလည်းပါဝင်နေပြီး ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ ရထိုက်မြို့သစ်စီမံကိန်း (Yatai New City) နဲ့ ဒေါင်မေဥယာဉ် စီမံကိန်း(Dongmei Park) တွေမှာ ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။ ရထိုက်မြို့သစ်စီမံကိန်း မှာ တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ပါဝင်ပြီး ကရင်နယ်ခြားစောင့်တပ် BGF/KNA နဲ့ တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holdings Group) တို့ ပူးပေါင်းပြီ လုပ်ကိုင်နေတဲ့ အထဲမှာ မလေးရှားနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG