ဖိလစ်ပိုင်နဲ့ ပူးတွဲလေ့ကျင့်ဖို့ ဗီယက်နမ် ရေတပ်သင်္ဘောရောက်ရှိ

ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဆိုက်ကပ်လာတဲ့ ဗီယက်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောကို ကြိုဆိုနေတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ဝင်များ (ဩဂုတ် ၅၊ ၂၀၂၄)

ဗီယက်နမ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ စစ်သင်္ဘောတစင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဆိုက်ကပ်ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်နေပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ ရင်ဆိုင်နေရချိန်မှာ နှစ်နိုင်ငံအကြား ပိုင်နက်အငြင်းပွားမှုတွေကို ဘေးဖယ်ပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတင်တာပါ။

နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လမ်းကြောင်းပေါ်က ရေပိုင်နက်ကို တရုတ်နိုင်ငံက သူပိုင်အဖြစ် ပြောဆိုပြီး ရန်လိုတဲ့ လုပ်ရပ်တွေအပေါ် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံက အပြင်းထန်ဆုံး ဝေဖန် ဆန့်ကျင်နေပါတယ်။ တခြား အရှေ့တောင်အာရှ ဒေသတွင်း မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်ကျွန်းရေပိုင်နက်တွေမှာလည်း နယ်နိမိတ်ခြင်း ထပ်နေတာတွေ ရှိနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေသလို၊ တောင်တရုတ်ပင်လယ်အရေးဟာ တရုတ်နဲ့ အမေရိကန် ဒေသတွင်း အားပြိုင်မှုတွေမှာ အကဲဆတ်ပြီး မြင်သာတဲ့ ပဋိပက္ခတခု ဖြစ်လာပါတယ်။

ဒီနေ့ မနီလာမြို့တော်ကို ရောက်လာတဲ့ တန်ချိန် ၂,၄၀၀ ရှိပြီး တပ်ဖွဲ့ဝင် ၈၀ ပါတဲ့ ဗီယက်တမ် ကမ်းခြေစောင့် စစ်သင်္ဘောကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံ တပ်ဖွဲ့တွေအကြား ဆွေးနွေးပွဲတွေနဲ့ စစ်သင်္ဘောတွေအချင်းအချင်း အပြန်အလှန်လည်ပတ်တာတွေအပြင် ရှာဖွေကယ်ဆယ်ရေးနဲ့ ပစ်ခတ်ဖေါက်ခွဲရေးစတဲ့ ပူးတွဲ စစ်ရေးလေ့ကျင်မှုတွေ လုပ်ဖို့ မျှော်လင့်ထားကြပါတယ်။

ပြီးခဲ့တဲ့ လကလည်း တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေအတွင်း ဗီယက်နမ်သိမ်းပိုက်ထားတဲ့ အနောက်တောင်ဘက်က ကျောက်တန်းတခုပေါ်မှာ ဖိလစ်ပိုင် တပ်ဖွဲ့တွေနဲ့အတူ အားကစားပြိုင်ပွဲတွေ၊ စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့ကြတဲ့အကြောင်း နှစ်နိုင်ငံအရာရှိတွေ သတင်းထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်နဲ့ ပူးတွဲလေ့ကျင့်ဖို့ ဗီယက်နမ် ရေတပ်သင်္ဘောရောက်ရှိ