လွန်ခဲ့တဲ့ နှစ် ၂၀ က အစုလိုက်သတ်ဖြတ်မှု ထိုင်းစစ်ဗိုလ်တွေကို စွဲချက်တင်

၁၉၆၇ ဘန်ကောက်မြို့ သမာဆပ်တက္ကသိုလ် ဆန္ဒပြပွဲတခုကို ထိုင်းစစ်တပ်က ဖြိုခွင်းချိန်မှာ ကျည်ဆံပေါက်အရာတွေနဲ့ ကျန်ခဲ့တဲ့ လော်စပီကာတခုကို ကြည့်ရှုနေသူတဦး။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဆန္ဒပြမှုတခုအတွင်း မူစလင် ၈၅ ယောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ အရင် စစ်ဘက်နဲ့ ရဲဘက်ဆိုင်ရာ အရာရှိ ၇ ဦးကို ထိုင်းတရားရုံး တခုက တရားစွဲဆိုလိုက်ပါတယ်။

သူတို့ ၇ ဦးဟာ လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုနဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ကျူးလွန်ခဲ့တယ် လို့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီစွဲချက်တွေဟာ (The statute of limitations) ကာလ စည်းကမ်းသတ် ဥပဒေ အရ အနှစ် ၂၀ ကျော်ရင် တရားစွဲဆိုခွင့် မရှိတော့တဲ့ အတွက် လာမယ့် အောက်တိုဘာ လကုန်လောက်မှာ သက်တမ်းကုန်ဆုံးဖို့ရှိတဲ့ - Tak Bai လူသတ်မှုလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် က ကျူးလွန်မှုကို အနှစ် ၂၀ မပြည့်ခင်မှာပဲ စွဲချက်တင် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ လူ့အခွင့်ရေးရှေ့နေ Pornpen ခုံကာ ချုံကီယတ် ကတော့ ရှေ့နေတာဝန် ကြေပွန်ပြီ ဖြစ်တဲ့ အတွက် စိတ်လက်ပေ့ါပါးသွားတယ်လို့ VOA ကို ပြောပါတယ်။ ဒီ ဖြစ်ရပ်ဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က မွတ်စလင်နဲ့ မလေးတိုင်းရင်းသား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ဘက် အစွန်က နရာသီဝပ် ပြည်နယ်၊ Tak Bai ဒေသမှာ ဖြစ်ပွါးခဲ့တာပါ။

အဲဒီအချိန်က အစ္စလန် စစ်သွေးကြွလို့ သံသယရှိပြီး အဖမ်းခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုကို စစ်သားရဲ့ ရဲတွေက လူစုခွဲရာ ကနေ ၇ ဦးကို ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပြီး တခြား ဆန္ဒပြသူတွေကို မိုင် ၉၀ လောက်အကွာမှာ ရှိတဲ့ စစ်တပ်စခန်းရှိရာကို ရဲ ထရပ်ကား တွေနဲ့ စုပြုံ တင်ဆောင်သွားရာကနေ နာရီ အတော်ကြာ မောင်းရတဲ့ လမ်းမှာ နောက်ထပ် ၇၈ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သူတို့ဟာ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြောင်း သိရ သလို လုံခြုံရေး တာဝန်ရှိသူတွေကလည်း ဆန္ဒပြသူတွေကို ဖြိုခွဲရာမှာ မသင့်တော်တဲ့ နည်းလမ်းတွေကို သုံးခဲ့ကြောင်းနဲ့ တာဝန်ခံ အရာရှိတွေကလည်း မှန်ကန်စွာ ညွှန်ကြားမှု မလုပ်ခဲ့ဘူး ဆိုတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။