တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းမှာ ဆီသင်္ဘော မီးလောင်လို့ သင်္ဘောပေါ်က အလုပ်သမား ၈ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ဗွီအိုအေကို ပြောပါတယ်။ မီးလောင်ဒဏ်ရာ ရထားသူ ၃ ဦးလည်း ရှိနေပြီး ၁ ဦး ကတော့ ပျောက်နေပါတယ်။ ထားဝယ်ကမ်းနား ဆီသင်္ဘော မီးလောင်ခဲ့တဲ့ နောက်ဆုံး အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာက မီချီလီ ဆီသင်္ဘောအောက်တိုဘာလ ၁၄ ရက်၊ တနင်္လာနေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ မီးလောင်ခဲ့တယ်လို့ ထားဝယ်မီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဆီသင်္ဘောပေါ်က လုပ်သား ၁၂ ဦး မီးဘေးကြုံခဲ့ပြီး၊ အဲဒီထဲက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူ တဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
"ကူညီကယ်ဆယ်ရေး လုပ်ခဲ့တာကတော့ သေဆုံးသူကတော့ ၈ ယောက်ပါ။ ဒဏ်ရာရတဲ့သူကတော့ ၃ ယောက်ပေါ့နော်။ အဲဒီထဲက ၂ ယောက်ကတော့ သက်သာသွားပါပြီ။ ၁ ယောက်ကတော့ မီးလောင်ကျွမ်းတဲ့ ဒဏ်ရာနဲ့ဆိုတော့ ဆေးရုံမှာ ဆက်လက်ကုသဆဲပဲ။ အပြင်လူထိခိုက်မှုတော့ မရှိဘူးခင်ဗျ။ အဲဒီသင်္ဘောပေါ်မှာပဲ တွေ့တဲ့သူတွေပေါ့။"
ထားဝယ်မြို့မှာ စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချတဲ့ မီချီလီကုမ္ပဏီပိုင် ဆီသယ်သင်္ဘောပေါ်က ဆီသိုလှောင်ကန်မှာ သင်္ဘောဆီထည့်နေချိန် မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မနေ့က ညနေပိုင်းကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာကို ၁၆ နာရီကြာတဲ့အထိ မီးငြှိမ်းသတ်ခဲ့ရတဲ့အကြောင်း ဆက်ပြောပြပါတယ်။
"မနက်က ၈ နာရီခွဲမှာပဲ နောက်ဆုံး မီးနိုင်သွားတယ်ခင်ဗျ။ ပြီးစီးသွားတာပေါ့နော်။ မီးငြိမ်းသွားတယ်ခင်ဗျ။ ဒဏ်ရာရသူတွေကိုတော့ ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှာပဲ တင်ထားပါတယ်ခင်ဗျာ။"
ဆီသင်္ဘောမီးလောင်တဲ့ ဖြစ်စဉ်မှာ မီးဘေးသင့်ခဲ့သူ ၁၂ ဦးရှိပြီး၊ အဲဒီထဲက ၈ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၃ ဦးကိုတော့ ထားဝယ်ပြည်သူ့ ဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ အမျိုးသား ၁ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးဘေးသင့်ခဲ့သူတွေထဲ အသက် ၁၇ ကနေ ၂၀ အရွယ် လူငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လည် ၁ နာရီခွဲဝန်းကျင်လောက်မှာလည်း မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်က ဂေါဝန်ဆိပ်ကမ်းမှာလည်း သင်္ဘောတစီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ၁၅ မိနစ်အတွင်းမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်သူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5