ရှေ့နေဒေါ်ရွက်နုအောင် Ludovic Trarieux လူ့အခွင့်အရေးဆုရရှိ

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် (ယခင်မှတ်တမ်းဓာတ်ပုံ)

မန္တလေး အိုးဘိုထောင်မှာ နှစ်ရှည် ထောင်ချခံထားရတဲ့ လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို ဥရောပက လူ့အခွင့်အရေး ရှေ့နေတွေ စုဖွဲ့ထားတဲ့ IDHAE အဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့ အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ဒေါ်ရွက်နုအောင်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ပေါ်ထွန်းလာအောင် ကြိုးပမ်း လုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးတွေ ရရှိဖို့ အားထုတ် ကြိုးပမ်းခဲ့တာကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် Ludovic Trarieux နိုင်ငံတကာ လူ့အခွင့်အရေးဆု ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်တယ်လို့ ဥရောပ အခြေစိုက် IDHAE အဖွဲ့က ပြောပါတယ်။

ဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ အီတလီနိုင်ငံ ရောမမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး အကျဥ်းချခံထားရတဲ့ ဒေါ်ရွက်နု‌အောင်ရဲ့ ကိုယ်စား ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စား တက်ယူမှာဖြစ်ပါတယ်။

ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ နိုင်ငံရေး အကျဥ်းသားတွေအတွက် တရားရေးဆိုင်ရာ အကူအညီတွေ အကြံပေး လိုက်ပါ ဆောင်ရွက်နေချိန် ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင် PDF တွေကို ငွေကြေး ထောက်ပံ့တယ်လို့ ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရ လက်ထက်တုန်းက နိုင်ငံကျော်အမှု တခုဖြစ်တဲ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုမှာ နစ်နာသူ ကလေးငယ်ဘက်က ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ခြိမ်းခြောက်မှု အမျိုးမျိုးကြုံရပေမဲ့ ကလေးငယ်ဘက်က ရဲရဲဝံ့ဝံ့ ရှေ့နေလိုက် ပေးခဲ့တာမို့ ထင်ရှား ကျော်ကြားလာခဲ့သူပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ကွယ်လွန်သူ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အမှုတွေမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူပါ။ NLD အစိုးရ လက်ထက် မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေနဲ့ NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ အမှုတွေကိုလည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ရှေ့နေတွေကို နှစ်စဥ် ဂုဏ်ပြု ချီးမြှင့်တဲ့ ဒီဆုကို IDHAE လူ့အခွင့်ရေးအဖွဲ့က ချီးမြှင်လာခဲ့တာကတော့ အခုတကြိမ်ဟာ ၂၉ ကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက မြန်မာရှေ့နေ ဦးအေးမြင့် ဒီဆု ချီးမြှင့်ခဲ့ရဖူးပါတယ်။