စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ဘုတလင်အခြေအနေ

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ဘုတလင် PDF ပူးပေါင်းတပ်က တိုက်ခိုက်အပြီး ဖမ်းမိခဲ့တဲ့ စစ်တပ်အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်များ။ (ပုံ_ ဒေသခံ PDF)

စစ်တပ် နယ်မြေရှင်းလင်းနေတဲ့ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့ရှိရပြီး နေအိမ် ၂၀၀ နီးပါးလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ အများအပြားလည်း စစ်ဘေးတိမ်းရှောင်နေပြီး အကူအညီတွေ လိုအပ်နေပါတယ်။ ဘုတလင်မြို့နယ်ထဲက စစ်တပ်နယ်မြေရှင်းလင်းနေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့ သတင်းဖြစ်ပါတယ်။


စစ်တပ် နယ်မြေရှင်းလင်းခဲ့တဲ့ ဘုတလင်မြို့နယ် စီပါ ကျေးရွာမှာ အောက်တိုဘာ ၁၉ ရက်မှာတော့ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရပြီး နေအိမ်တွေလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောတာပါ။

စီပါ ကျေးရွာကနေ ထွက်ခွါသွားတဲ့ စစ်တပ်ဟာ ညောင်ကန်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးနေပြီး ညောင်ကန်ကျေးရွာနား ရောက်ရှိချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေပါ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာ ရှိတယ်လို့ ဘုတလင်ဒေသခံတဦးက အခုလို ပြောပါတယ်။

"စီပါကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော် ဆယ်ကုန်း ကျွဲသေချောင်းဘက်မှာ အိမ်ခြေ ၆၀ ကျော် ၂၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်။ ပြီးတော့ သွားလေရာ လမ်းတလျှောက်မှာလည်း ဓားစာခံတွေကို ယောက်ကျား မိန်းမ မရွေး သက်ကြီးရွယ်အိုမရွေး ခေါ်ဆောင်သွားတယ်။ ပြီးတော့ စီပါကျေးရွာမှာ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်ထားခဲ့တာ ၆ လောင်းရှိတယ်။ စိတ်မနှံ့တဲ့သူက ၂ ယောက်ပါတယ်။ မူးယစ်သောက်စားနေတဲ့သူက ၁ ယောက်ပါတယ်။ ကျန်တဲ့ ၃ ယောက်က ရွာထဲ သွားနေတဲ့သူက ၂ ယောက်ပါတယ်။ နောက်တယောက်က တောထဲမှာ ပုန်းရှောင်နေတဲ့သူက ရွာနဲ့နီးတော့ ကင်းနဲ့သွားတိုးရင်း သတ်ထားခဲ့တာပါခင်ဗျ။ စီပါကျေးရွာကနေ ထွက်သွားတဲ့ စစ်ကြောင်းက အခု ဘုတလင်အနောက်ဖက် ညောင်ကန်ကို ခြေဦးတည်ပြီးရောက်နေတယ်။ ညောင်ကန်ရွာကို ဝင်ဖို့အရေးကို ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ တော်တော်ကြီးကို ပစ်ပါတယ်။ စက်လက်နဲ့လည်း ဆွဲတယ်။ နောက်ပြီး ဟောင်ဝှစ်ဇာနဲ့ ၇ ကြိမ် တိတိလောက် နမခ ကနေ လှမ်းထုတယ်။"

စီပါကျေးရွာဟာ စက်တင်ဘာ ၃၀ ရက်က ကူတော် ကျေးရွာကနေ ပြန်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ နေရာအနီးက ကျေးရွာလည်းဖြစ်ပါတယ်။

အခုတကျော့ပြန် နယ်မြေရှင်းလင်းရာမှာ စီပါကျေးရွာထဲကို ဝင်ရောက်ချိန် ကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရတာတွေရှိခဲ့တဲ့အတွက် အရပ်သားတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာ အခုဆိုရင် ၂ ပတ်ကျော် ရှိနေပြီဖြစ်ပါတယ်။ စစ်ဘေးရှောင်ချိန် ကြာမြင့်လာတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲ ရှိနေတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

" စိုင်ပြင်လေး ညောင်ကန် ရွာသာ အဲ့ရွာနီးခြောက်စပ်က ပြေးနေရတယ်။ အခက်အခဲကတော့ ကြုံတာပေါ့။ တချို့က စားဝတ်နေရေး မပါဘဲနဲ့ ပြေးရတာ။ ကိုယ်လွတ်ရုန်း ပြေးရတာတွေပေါ့။ "

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ၂ ပတ်ကျော်အတွင်း ဘုတလင်မြို့ပေါ် အပါအဝင် စစ်တပ် စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက် ကျေးရွာတွေက ဒေသခံ ၁ ဒါဇင်ထက်မနည်း သတ်ဖြတ်ခံထားရသလို အရပ်သား အများအပြားကိုလည်း စစ်ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲ နယ်မြေရှင်းလင်းချိန် အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ဘုတလင်အခြေအနေ