အစ္စရေးနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကြား အရေးတကြီး လုပ်ဆောင်ရမှာက သံတမန်ရေးနဲ့ အဖြေရှာဖို့ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဝန်ကြီး Blinken ဟာ ဒီသီတင်းပတ်ထဲ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးခရီးစဉ် သွားခဲ့တဲ့နောက် လန်ဒန်မှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။
လန်ဒန်မှာ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi နဲ့ တံခါးပိတ် ဆွေးနွေးမှုတွေ မလုပ်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Blinken က သူတို့ ၂ ဦးဟာ ဂါဇာနဲ့ လက်ဘနွန်က အခြေနေတွေကို ဆွေးနွေးဖို့ရှိကြောင်း ပြောခဲ့သလို ဝန်ကြီး Safadi ကတော့ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခဲ့ပြီး ဒါကို ရပ်တန့်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
SEE ALSO: ဂါဇာနဲ့ လက်ဘနွန်မှာ အပစ်ရပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ဝန်ကြီး Blinken က သူဟာ လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati နဲ့ လန်ဒန်က တွေ့ဆုံမှုအတွင်း လက်ဘနွန်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၀၆ ခုနှစ်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အပြည့်အဝ အကောင်ထည်ဖေါ်ဖို့ အပါအဝင် လက်ဘနွန်က ပဋိပက္ခအတွက် သံတမန်ရေးအရဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ နှစ်ဦးစလုံး သဘောတူခဲ့ကြောင်း ပြောပါတယ်။
ဒီ သဘောတူ ဆုံးဖြတ်ချက်ထဲမှာ အစ္စရေးနဲ့ လက်ဘနွန်ကြား လီတာနီမြစ်ကို ကြားခံဇုန်အဖြစ် သတ်မှတ်ဖို့ ပါဝင်သလို အစ္စရေးတပ်တွေ လက်ဘနွန်မှာ မထားဖို့နဲ့ ဟက်ဇ်ဘိုလာတွေ ရေရှည် လက်နက်မကိုင်စွဲဖို့ တောင်းဆိုထားတာပါ။ အခု မကြာခင် လတွေထဲမှာ နှစ်ဘက်စလုံးက ဒီသဘောတူညီချက်ကို ချိုးဖေါက်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး Blinken က အခု ပဋိပက္ခအတွက် သံတမန်ရေးအရ ဖြေရှင်းမှုတွေလုပ်လာရင် နှစ်ဘက်စလုံးက နယ်စပ်မှာနေထိုင်တဲ့ အရပ်ဘက်ပြည်သူတွေ ကိုယ့်နေအိမ် ကိုယ်ပြန်နိုင်ကြမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ ကြာသပတေးနေ့ Doha မှာ ရှိနေစဉ်ကတော့ ဝန်ကြီး Blinken က အမေရိကန်နဲ့ ဒေသတွင်း တာဝန်ရှိသူတွေ လာမယ့် ရက်ပိုင်းတွေအတွင်း တွေ့ဆုံဖို့ရှိပြီး ဂါဇာဒေသ အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ထပ်မံ ကြိုးစား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5