ဟောလီးဝုဒ်ရဲ့ နာမည်ကျော် TCL တရုတ်ရုပ်ရှင်ရုံကြီးကို ပါရာမောင့် ရုပ်ရှင်ကုမ္ပဏီရဲ့ 'Gladiator II' ရုပ်ရှင်ကားသစ် ရုံတင်ဖို့ ရုပ်ရှင်ထဲက ဇာတ်လမ်းနဲ့ လိုက်အောင် ရောမခေတ်ပုံစံ ပြောင်းလဲပြင်ဆင်ထားပါတယ်။ ရုပ်ရှင်ရုံကို ရောမမြို့က အမိုးပွင့် ပွဲကြည့်စင်ခန်းမ ရောမ Colosseum ရဲ့ မျက်နှာစာပုံ၊ အသေးစိတ် ပြင်ဆင်ထားပြီး ရုပ်ထုတွေ၊ အလံတွေပါ အပြည့်အစုံ တပ်ဆင်ထားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့တဲ့ မူရင်းရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအနေနဲ့ ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ 'Gladiator II' ရုပ်ရှင်ကားက ပထမဆုံးရုံတင်တဲ့ နိုဝင်ဘာ ၂၁ ရက် နေ့မှာတင် ဝင်ငွေ ဒေါ်လာ ၆ သန်းခွဲ ရခဲ့တာပါ။ နိုဝင်ဘာ ၂၅ ရက်နေ့ထိဆို တကမ္ဘာလုံး ပြသဝင်ငွေ ဒေါ်လာ ၂၂၁ သန်းရှိပါပြီ။
ပြည်တွင်းမှာသူနဲ့တပြုင်နက်တည်းရုံတင်ပြီး နိုင်ငံတကာရုံတင်ရက် သီတင်းတပတ်နောက်ကျတဲ့ တေးသရုပ်ဖော် 'Wicked' ရုပ်ရှင်ကားကတော့ ရုံတင်ပြီး ပထမဆုံး သတင်းပတ်ကုန်ရက်တွေမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဝင်ငွေ ဒေါ်လာ ၁၆၄ သန်းကျော် ရခဲ့တာပါ။ ရုပ်ရှင်ရိုက်ကူးစရိတ်က ဒေါ်လာ သန်း ၁၅၀ ပဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား ၂ ကားက အမေရိကားနဲ့ ကနေဒါတို့မှာ အကြိုပြသတော့ ၂ ကားပေါင်း ဒေါ်လာသန်း အစိတ်ကျော်ရခဲ့တာမို့ ကိုဗစ်ကပ်ဘေးနောက်ပိုင်း ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ကတည်းက ဝင်ငွေအများဆုံးရခဲ့တဲ့ "Barbenheimer" လို့ခေါ်တဲ့ 'Barbie' နဲ့ 'Oppenheimer' ရုပ်ရှင်ကားတွေနဲ့ အပြိုင်ဖြစ်မလား အားလုံးက စိတ်ဝင်စားခဲ့ပါတယ်။
'Wicked' နဲ့ 'Gladiator II' ရုပ်ရှင်နှစ်ကားရဲ့ ပြည်တွင်းရုံဝင်ငွေ စုစုပေါင်းဟာ နိုဝင်ဘာ ၂၄ တနင်္ဂနွေနေ့ အထိဆိုရင် ဒေါ်လာ သန်း ၁၇၀ ရရှိခဲ့ပြီး တမ္ဘာလုံးဝင်ငွေက ဒေါ်လာသန်း ၂၇၀ ဖြစ်ပါတယ်။ 'Barbie' နဲ့ 'Oppenheimer' ရုပ်ရှင်နှစ်ကားကတော့ ပထမဆုံး ရုံတင်ပြသတဲ့ သီတင်းပတ်မှာတင် ပြည်တွင်းရုံဝင်ငွေ စုစုပေါင်း ဒေါ်လာသန်း ၂၄၅ နီးပါး ရရှိခဲ့ပါတယ်။