လွိုင်ကော်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ခလရ ၈၀ တပ်ရင်း တခုလုံးကို တော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း တိုက်ပွဲနဲ့ မဆိုင်တဲ့ ဖယ်ခုံ မြို့နယ် ကျေးရွာတွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် လသား အရွယ် ကလေးငယ် တဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။
လွိုင်ကော်မြို့ကနေ ချီတက်လာတဲ့ အင်အား ၅၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့ အကြား လင်ဖုံလေး ကျေးရွာအရောက်မှာ အင်္ဂါနေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၆ ဦး ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံးပန့်တချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက အခုလို ပြောပါတယ်။
“လွိုင်ကော်ဘက်ကနေ ပြီးတော့ ပေါ့နော်၊ လင်ဖုံလေး ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကြောင်း ကတော့ အင်အား ၅၀ ကျော် ပါတာဖြစ်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က အနည်းဆုံး ၁၆ဦးသေဆုံးပြီးတော့မှ ၂၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။ တော်လှန်ရေး တပ်ဖွဲ့ဖက်က စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိတယ်။ အဲ့ဒီ ၅ ဦးထဲမှာမှ ၁ ဦးကတော့ ဆေးကုသမှု ခံယူနေရင်းနဲ့ပဲ သေဆုံးသွားတယ်။ လက်နက်ငယ် ၂၀ ကျော်ကို သိမ်းဆည်းရမိတယ်။ ပြီးတော့မှ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။”
စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆) တပ်ရင်း လက်အောက်ခံ ခလရ (၈၀) တပ်ရင်းက အင်အား ၅၀ ကျော်ပါဝင်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့က လွိုင်ကော်မြို့ကနေ ချီတက်လာတဲ့ စစ်ကြောင်းတွေ ဖြစ်တယ်လို့ KNDF က ပြောပါတယ်။ လက်နက်ကြီးပစ်ခတ် တန်ပြန်ခုခံခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုကတော့ Loikaw Local PDF ၊ ပအိုဝ်းအမျိုးသားများကာကွယ်ရေးတပ်(PNDF) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) စတဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက် ချေမှုန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်-မိုးဗြဲ ပြည်ထောင်စုလမ်းမကြီးနဲ့ ကျေးရွာတွေကို နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတာလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။
“စစ်ကောင်စီက လွိုင်ကော်မြို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဒီကျေးရွာတွေကို နယ်မြေစိုးမိုးနိုင်ဖို့ အတွက်လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခု ကတော့ ဒီမိုးဗြဲအထိ မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကိုလည်း ထိုးဖောက်ဖို့ပေါ့နော်။ ထိန်းချုပ်ဖို့အတွက် စစ်ကြောင်းထိုးတယ်လို့ ယူဆနိုင်ပါတယ်။”
စစ်မြေပြင်မှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ မဆိုင်တဲ့ ဖယ်ခုံမြို့နယ် ကျေးရွာနဲ့ မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး က ပြောပါတယ်။
“ ဖယ်ခုံမြို့နယ်ဖက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အတွက် ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်ပေါ့နော်။ ပြီးရင် ၃ဦး ဒဏ်ရာရပါတယ်။ ၂၇ ရက်နေ့ ၃နာရီမှာ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဒဏ်ရာရရတဲ့ ပြည်သူတွေရဲ့ စာရင်းဖြစ်ပါတယ်။”
လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဖယ်ခုံမြို့နယ် ကုန်းပေါကျေးရွာက နှစ်လသားအရွယ် မိန်းကလေးငယ်၊ အသက် ၂ နှစ် ဝန်းကျင် မိန်းကလေးငယ်၊ နောက် အသက် ၂၅ နှစ်အရွယ် မိခင်တဦး တို့ သေဆုံးခဲ့သလို မိုးဗြဲမြို့ ပေါ်ဦးရပ်ကွက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ သစ်ယာကုန်းရပ်ကွက်က အမျိုးသမီး ၁ဦးနဲ့ ရွှေစမ်းရွာက အသက် ၄၀ အရွယ်အမျိုးသား ၁ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး ၃ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားသလို စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။