မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

  • ဗွီအိုအေမြန်မာပိုင်း

ချင်းညီနောင် တပ်ဖွဲ့ဝင် CNDF တပ်သားများ (ယခင်ပုံဟောင်း)

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ဖလမ်း မြို့ သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေတဲ့ ချင်းညီနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေအပြင် လက်နက်တွေကိုပါ သိမ်းယူထားနိုင်ပြီလို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံတာလည်း ရှိခဲ့တယ်လို့ ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ မထုတ်ပြန်သေးပါဘူး။ မင်းတပ်နဲ့ ဖလမ်းမြို့တို့က နှစ်ဘက် တိုက်ပွဲတွေ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ချင်းညီနောင် စစ်ဆင်ရေးတရပ် စတင်လိုက်ပြီး ချင်းညီနောင်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်လာတာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတဲ့ကြားက တပ်စခန်းတော်တော်များများကို သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလိုရှိနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက VOA ကို ဖြေကြားထားပါတယ်။

"လေကြောင်း တိုက်ခိုက်မှုတွေကတော့ ကျနော်တို့ မြို့သိမ်းစစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကတည်းကပဲ။ နေ့စဉ်နီးပါးပါပဲ၊ တလကျော်ကျော်၊ တရက်မပျက်လို့ ပြောရမှာပဲ။ လေကြောင်းတိုက်ခိုက်မှုတော့ တောက်လျှောက်ရှိပါတယ် ခင်ဗျ။ မြို့သည် စစ်ကောင်စီ ကင်းစင်သလိုမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ် နိုင်တာမျိုးတော့ မဟုတ်သေးပါဘူးခင်ဗျ။"

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းတပ်ခရိုင် / မြို့နယ်ရဲတပ်ဖွဲ့ဝင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၂၃ ဦးအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ ပြောပါတယ်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကတော့ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက လက်နက်ချအညံံ့ခံခဲ့တယ်လို့ ပြောပါတယ်။

မင်းတပ်နဲ့ ဖလမ်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ပြင်းပြင်းထန်ထန် ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ချင်းညီနောင်အဖွဲ့က ပြောထားပါတယ်။ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာ အချိန် ၁ လကျော်ကြာလာချိန် စစ်ကောင်စီရဲ့ တပ်စခန်းအများအပြားနဲ့ လက်နက်ခဲယမ်းတွေအပြင် လက်နက်ချအညံ့ခံခဲ့တဲ့ အင်အားတော်တော်များများ ရှိနေတဲ့အကြောင်း ချင်းညီနောင်ဘက်က ဖော်ပြလာတာပါ။ တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းတိုက်ခိုက်မှုက ဆက်ရှိနေပြီး၊ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြတုန်းပါ။ တိုက်ပွဲနဲ့ ဆက်သွယ်ရေး၊ လမ်းကြောင်း အခက်အခဲတွေကြောင့် ဒေသတွင်းက အခြေအနေတွေကို အသေးစိတ်မသိရသေးဘူးလို့ စစ်ရှောင်နေကြတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပါတယ်။ချင်းပြည်နယ်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Your browser doesn’t support HTML5

မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်