ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းသူတွေ ပျောက်ဆုံးနေဆဲ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားမှာ ပါဝင်ခဲ့ကြတဲ့ သူမကို ထောက်ခံသူတွေကို အာဏာပိုင်တွေက ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့နေရာမှာ အခုဆိုရင် ဖမ်းဆီးခံရသူ အရည်အတွက်ဟာ အရင်က သိထားတာထက် ပိုများဖွယ်ရာ ရှိတယ်လို့လည်း ပါတီဝင်တွေက ပြောပါတယ်။ မွေးနေ့ အခမ်းအနား နေ့ကတည်းက ပျောက်ဆုံးနေသူစာရင်းတွေ ထပ်ပြီးထွက်လာတာနဲ့အမျှ မိသားစုတွေဖက်က စိုးရိမ် ပူပန်မှုတွေကလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က ပြောပြပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့လ (၁၉) ရက်နေ့ ကျင်းပခဲ့တုန်းက သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အဖွဲ့ဝင်တွေကို ဖမ်းတာဆီးတာတွေ ရှိခဲ့သလို အခုလည်း အဲဒီအချိန်ကတည်းက အိမ်ပြန် ရောက်မလာတဲ့ ပါတီဝင်တွေ တိုးလာလို့ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက်တွေက စိုးရိမ်မကင်း ဖြစ်နေ ကြရတာပါ။ အစောပိုင်းမှာတုန်းက ဖမ်းဆီးခံရသူ အနည်းဆုံး (၁၄) ယောက် ရှိတယ်ဆိုပြီး အန်အယ်လ်ဒီ က ပြောဆို ခဲ့သလို ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့လည်း ကန့်ကွက် ပြောဆိုခဲ့တာပါ။ အခုတော့ ဒီလူတွေ အပြင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိပဲ ထိန်းသိမ်းခံထားရဖွယ်ရှိသူ စာရင်းတွေလည်း ထပ်ပြီး ထွက်လာနေတယ်လို့ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၁၉ရက်နေ့မှာ ပျောက်သွားတဲ့သူက အခု နောက်ဆုံး စာရင်းအရ ၂၅ယောက်လောက် ရှိနေပြီ။ အခု ပျောက်တဲ့သူတွေထဲမှာ တောင်ဥက္ကလာပ မြို့နယ် ၁၂ရက်ကွက် ဒုဥက္ကဌ ဦးသိန်းအေး၊ တောင် ဥက္ကလာပ မြို့နယ် လူငယ်အဖွဲ့က ကိုမိုးဇော်တို့လည်း ပျောက်နေတယ်လို့ သိရတယ်။ ဦးသိန်းအေးဟာ အိမ်မှာ အိမ်ထောင်ဦးစီး ဖြစ်တဲ့အတွက်ကြောင့် သူ မရှိတဲ့အတွက် သူ့မိသားစုက အရမ်းကို စားဝတ်နေရေး ဒုက္ခရောက်နေပါတယ်။ ရဲ စခန်း ကျတော့လည်း သွားမတိုင်ရဲဘူးရှင့်။ အဖွဲ့ဝင်တွေကနေပဲ တဆင့်စကားနဲ့ပဲ စုံစမ်းရေး လုပ်နေရတယ်။ ရဲ စခန်းသွားနေရင် တခုခုဖြစ်မှာလည်း သူတို့ စိုးရိမ်ရတယ်။ တဆင့်စကား တဆင့်နားနဲ့ပဲ အခုမှ သိရတာပေါ့။ ၁၉ရက်နေ့ကတည်းက ပျောက်နေတာပဲ။ အဖမ်းခံရတဲ့ အခြေအနေအကြောင်းကိုတော့ ဘယ်သူမှ အကြောင်းကြားတာတွေ မရှိဘူး။ အရမ်းတော့ စိုးရိမ်နေကြတယ်။"

မွေးနေ့ ကျင်းပခဲ့တဲ့နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့က အန်အယ်လ်ဒီ ဌာနချုပ်ရုံးမှာ မေတ္တာပို့ ဆုတောင်းကြသူတွေကို မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အခုလို အန်အယ်လ်ဒီ ပါတီဝင်တွေ အဖမ်းခံအဆီးခံ ထိန်းသိမ်းခံ ဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ -

"ကျွန်တော် ပြောချင်တာကတော့ စဖမ်းတဲ့အချိန်ကတည်းကိုက ဥပဒေနဲ့ မညီဘူး။ ဥပဒေအရ တာဝန်မရှိတဲ့သူတွေက ဖမ်းတဲ့အတွက် ဒါဟာ မတရား ဖမ်းဆီးမှုပဲ။ အခု ဆက်လက်ပြီးတော့လည်း ဒီလောက် အချိန်ကြအောင် ခေါ်ယူထားတာဟာ ဒါဟာ မေးမြန်ရန် သက်သက်လို့ ပြောလို့မရပါဘူး။ လူတယောက်ရဲ့ သွားခွင့်၊ လာခွင့်တွေကို ပိတ်ဆို့ထားတဲ့အတွက် ဒါဟာ ဖမ်းဆီးခြင်းပဲလို့ ပြောချင်တယ်။ ဥပဒေကြောင်းအရ လုံးဝတရားမျှတခြင်း မရှိဘူး။ ဥပဒေနဲ့လည်း မညီဘူး။ ဒီလို လုပ်ရပ်ဟာ အာဏာရှင် နိုင်ငံများမှာတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေတယ်လို့ ကျွန်တော်တို့ အဲဒီလို တွေးမိပါတယ်။"

ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ စာတစောင်ကိုလည်း ဒီတပတ်ထဲတုန်းကပဲ အန်အယ်လ်ဒီက မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံကို စာတစောင်လည်း ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောတာဆိုတာမျိုးတော့ မကြားရပါဘူး။ လတ်တလော အခြေအနေမှာလည်း ထိန်းသိမ်းခံနေရသူတွေဟာ ဘယ်ရောက်လို့ ရောက်နေမှန်း မသိလို့ မိသားစုတွေဖက်က စိတ်ပူပမ်နေကြရသလို အန်အယ်လ်ဒီ ပါတီဖက်ကလည်း လိုအပ်သလို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ အခြေအနေမရှိဖြစ်နေရတာပါ။

"ကျွန်တော်တို့ တစုံတခု ဆောင်ရွက်ပေးဖို့ အမြဲတမ်း စဉ်းစားနေတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဘယ်လို အရေးယူသလဲဆိုတာ မသိဘဲနဲ့ ကျွန်တော်တို့မှာ လုပ်ငန်းစဖို့ကို အဲဒါကိုပဲ ကျွန်တော်တို့ ကြည့်နေရတယ်။ ကျွန်တော်တို့ အခု ယမန်ယူသလား၊ ပုဒ်မတွေ တပ်သလား မသိသေးဘူးဗျ။ မသိသေးဘဲနဲ့ ကျွန်တော်တို့ ဘာမှ ဆောင်ရွက်လို့ မရသေးတဲ့ အခြေအနေပေါ့။"

ပြီးခဲ့တဲ့လ (၁၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကာလ ပါတီဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့အပေါ် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က မှတ်ချက်ပေး ပြောဆိုသွားခဲ့တာပါခင်ဗျာ။