အာဆီယံဓလေ့ နဲ့ မြန်မာစစ်အစိုးရ

ပြီးခဲ့တဲ့ ဒီဇင်္ဘာလ (၁၅) ရက် တနင်္လာနေ့က အာဆီယံပဋိညာဉ်စာချုပ် (ASEAN Charter) ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကားတားမြို့တော်မှာ အတည်ပြုလိုက်ပြီးဖြစ်လို့ အာဆီယံအဖွဲ့ဟာ ဥပဒေစည်းမျဉ်းအရ လုပ်ကိုင်လာတဲ့ အဖွဲ့အစည်းဖြစ်လာပြီးလို့ ပြောနိုင်ပါတယ်။ ဒီ ပဋိညာဉ်စာချုပ်ထဲမှာ အာဆီယံလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေးမြှင့်တင်ရေး နဲ့ ကာကွယ်စောင့်ရှောက်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ မိန့်ခွန်းပြောကြတဲ့ ပုဂိုလ်များအားလုံးဟာ အဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိုသာ အဓိကထား ပြောဆိုကြပါတယ်။ ပြည်တွင်းရေးကို ပြောဆိုခြင်းမရှိကြပါဘူး။ အနောက်တိုင်းမှာသာ မြန်မာစစ်အစိုးရဟာ အာဆီယံအဖွဲ့ကို သိက္ခာကျစေပြီး အယုံအကြည်ကင်းမဲ့စေတယ်လို့ ပြောလေ့ရှိကြပါတယ်။

လူ့အခွင့်အရေးကို မြန်မာစစ်အစိုးရ ရိုသေလေးစားလာအောင် အာဆီယံအဖွဲ့က အရေးယူဆောင်ရွက်သင့်တယ်လို့ အမေရိကန် အထက်လွှတ်တော်က လွန်ခဲ့တဲ့နှစ် နှောင်းပိုင်းက တိုက်တွန်းခဲ့ပါတယ်။ ယနေ့အထိ မြန်မာအစိုးရရဲ့ ကျူးလွန်းဖောက်ဖျက်နေတဲ့ လူ့အခွင့်အရေးများကို အာဆီယံအဖွဲ့ကြီးက ပြောဆိုဝေဖန် အပြစ်ပေးခြင်းမရှိသေးပါ။ ဒါကြောင့် မြန်မာအစိုးရ နဲ့ အာဆီယံအဖွဲ့ကြီးရဲ့ လုပ်ဆောင်ချက်၊ ဦးတည်ချက်များကို ဦးအောင်ခင် နဲ့ မညိုညိုလွင် (ဗွီအိုအေ မြန်မာ) တို့က သုံးသပ်တင်ပြထားပါတယ်။