၂၀၀၉ မှာ မြောက်ကိုရီးယားက စီးပွားရေးနှင့် စစ်ရေး ဦးစားပေးမည်

အခုနှစ်သစ် ၂၀၀၉ မှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေး တည်ဆောက်မှု ကြိုးပမ်းနေတာအပေါ်
အာရုံစူးစိုက်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာတွေမှာ ဖော်ပြလိုက်ပါတယ်။ နှစ်စဉ်
နှစ်သစ်အတွက် အစိုးရရဲ့ အာဘော်တွေကို မြောက်ကိုရီးယားမီဒီယာတွေမှာ ဖော်ပြနေကြ
အတိုင်း တွေ့ရှိရတာမှာ ဒီနှစ်မှာ အနည်းငယ် ထူးခြားတာကတော့ နိုင်ငံမှာ စားရေရိက္ခာ
ပြတ်လပ်ရှားပါးတာကို ဝန်ခံထားပြီး မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးပွဲတွေ
ရှေ့ဆက်လုပ်ဆောင်သွားဖို့ အရိပ်လက္ခဏာတွေကိုပါ အာဘော်တွေမှာ တွေ့ရှိကြရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ တောင်ကိုရီးယား ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက်
ကာ့တ် အာချင်း (Kurt Achin) သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထား
ပါတယ်။

အခုလို ဒီနှစ်မှာ ထူးခြားနေတဲ့ မြောက်ကိုရီးယားအစိုးရရဲ့ အာဘော်တွေကို အစိုးရပိုင် အဓိက
သတင်းစာကြီး သုံးစောင်မှာ မနေ့က ဖော်ပြထားတာပါ။ တောင်ကိုရီးယားက မြောက်ကိုရီး
ယားအရေး ကျွမ်းကျင်သူတွေထဲက တဦးဖြစ်တဲ့ ဆိုးလ်မြို့အခြေစိုက် ကိုရီးယားကျွန်းဆွယ်
ကာကွယ်ရေး လေ့လာမှုအဖွဲ့က သုတေသီ ဘေ့က် ဆင်-ဂျိုး (Baek Seung-joo) က အခုလို
ဆိုပါတယ်။

“မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်အစီအစဉ် ဖျက်သိမ်းရေး ဆန္ဒရှိနေမှုကို
အသားပေး ဖော်ပြနေတာဖြစ်တယ်။ ဒါ့အပြင် ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ မြောက်ကိုရီးယား
အစိုးရ အာဘော်တွေဟာ အမေရိကန်ပြည်ထောင်စုတို့၊ တက်လာမယ့်သမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) ရဲ့ အမေရိကန်အစိုးရတို့ကို ပုတ်ခတ်ခြင်းကိုလည်း ရှောင်ကြဉ်
ထားတယ်” လို့ ဘေ့က် ဆင်-ဂျိုးက ပြောသွားပါတယ်။

အမေရိကန်အစိုးရသစ်နဲ့ အပေးအယူ ညှိနှိုင်းမှုတွေလုပ်မယ့် ဆွေးနွေးပွဲတွေ ပြန်ပြီးစတင်လို
ကြောင်း မြောက်ကိုရီးယားက အချက်ပေးနေတာဖြစ်တယ်လို့ ဘေ့က် ဆင်-ဂျိုးနဲ့ တခြားသော
မြောက်ကိုရီးယား စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာ စားနပ်ရိက္ခာ ပြတ်လပ် ရှားပါးမှုဟာ ပြဿနာတွေကို ဖြစ်ပေါ်စေတယ်၊
လူနေမှုအဆင့်အတန်းတွေ မြှင့်တင်ဖို့လိုတယ် ဆိုတာတွေကိုလည်း မြောက်ကိုရီးယားအစိုးရ
အာဘော်တွေမှာ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြထားပါတယ်။

၁၉၉၃ မှာ အမေရိကန်မှာ ဘေလ် ကလင်တန် (Bill Clinton)၊ ၂၀၀၁ ခုနှစ်မှာ ဂျော့ချ် ဒဗလျူ
ဘုရှ် (George W.Bush) တို့ သမ္မတဖြစ်လာတဲ့ နှစ်တွေတုန်းကလည်း အခုလို အသုံးအနှုန်း
တွေနဲ့ မြောက်ကိုရီးယားအစိုးရရဲ့ နှစ်စဉ် နှစ်သစ်ကူးအာဘော်တွေမှာ ဖော်ပြခဲ့တာပဲဖြစ်တယ်
လို့ တောင်ကိုရီးယားအစိုးရ အရာရှိတွေကတော့ ဆိုနေပါတယ်။

တောင်ကိုရီးယားအစိုးရကလည်း ၂၀၀၉ ခုနှစ်အတွက် မြောက်ကိုရီးယားဆိုင်ရာ ခန့်မှန်းချက်
တွေကို ဒီသီတင်းပတ်မှာ အစိုးရဌာနတွေမှာ ဖြန့်ဝေခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ကိုရီးယား
နှစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီး ကင်မ် ဟာ-ဂျုန်း (Kim Ha-Joong) က သတင်းထောက်တွေ
ကို အခုလိုပြောပါတယ်။

“လောလောဆယ် အခြေအနေမကောင်းတဲ့ တောင်နဲ့
မြောက်ကိုရီးယား ဆက်ဆံရေး ပြန်ကောင်းလာဖို့က
မြောက်ကိုရီးယားအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒ
ရှိမရှိအပေါ်မှာ မူတည်နေပါတယ်။ တွေ့ဆုံဆွေးနွေး
ရေးက အဓိက အခရာ ကျပါတယ်။ တွေ့ဆုံဆွေးနွေး
ရေး မဖြစ်ပေါ်ဘဲနဲ့ နှစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊
စစ်ရေးနဲ့ လတ်တလောပြဿနာ အထွေထွေ၊ ဒါတွေ
ကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ တောင်ကိုရီးယားမှာ သမ္မတ
လီ မြောင်-ဘက် (Lee Myung-Bak) တက်လာတော့
တောင်-မြောက် ပြန်လည်ရင်ကြားစေ့ရေးကနေ
နောက်ပြန်လှည့်သွားတယ်ဆိုပြီး တောင်ကိုရီးယား
သမ္မတ လီ မြောင်-ဘက်ကို သစ္စာဖောက်လို့ မြောက်ကိုရီးယားအစိုးရက မကြာခဏ ကင်ပွန်း
တပ်ခဲ့ပြီး တောင်ကိုရီးယားက ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကိုလည်း ပယ်ချခဲ့ပါ
တယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး၊ ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား စစ်သုံ့ပန်းတွေနဲ့
တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်လွှတ်ပေးရေး စတဲ့အပေါ်တွေမှာ ဆက်စပ်မှုတွေ
ထားရှိပြီး တောင်ကိုရီးယားကနေ မြောက်ကိုရီးယားကို ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေလည်း
ရပ်ဆိုင်းနေပါတယ်။