ဆိုမာလီ ကမ်းလွန် ပင်လယ်ပြင်မှာ ပင်လယ် ဓါးပြတွေ ပြန်ပေးဆွဲ ဖမ်းဆီး ခံခဲ့ရတဲ့ အမေရိကန် အလံတင် ကုန်တင် သဘောၤ ကပ္ပတိန် Richard Phillip ပြန်လည် လွတ်မြောက်ခဲ့ပါပြီ။ ပင်လယ်ပြင်မှာ မျောပါနေတဲ့ သက်ကယ် လှေတစင်း ပေါ်မှာ ပင်လယ်ဓါးပြတွေက သူ့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ အမေရိကန် ရေတပ် အထူးတပ်ဖွဲ့က ဝင်ရောက် ကယ်တင်တဲ့ အချိန် ကပ္ပတိန် Richard Philllips ကို ဖမ်းထားခဲ့တဲ့ ပင်လယ်ဓါးပြ သုံးယောက်လည်း သေဆုံးခဲ့ပါတယ်။ ဆိုမာလီ ကမ်းလွန် ပြင်လယ် ဓါးပြတိုက်မှုတွေဟာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်နဲ့ သမ္မတ အိုဘားမား အစိုးရအဖွဲ့ အဓိက ဦးစားပေး ဆွေးနွေး ပြောဆိုလာနေတဲ့ အကြောင်းအရာတွေ ဖြစ်လာနေတဲ့အကြောင်း VOA သတင်းထောက် Paula Wolfson သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
ကပ္ပတိန် Richard Phillips တယောက် ဘေးရန် ကင်းကင်းနဲ့ လွတ်မြောက်ခဲ့ပါပြီ။ သူ့ကို ကယ်တင်ဖို့ သွားတဲ့ အချိန်မှာ အမေရိကန် ရေတပ် အထူး တပ်ဖွဲ့ဝင်တွေနဲ့ သူ့ကို ဖမ်းထားတဲ့ ပင်လယ်ဓါးပြတွေ ခေတ္တ ခဏ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ပယ်လယ် ဓါးပြတွေဘက်က သုံးယောက်သေပြီး တယောက် ကို အမေရိကန် ရေတပ်က အရှင်ဖမ်းဆီးမိခဲ့ပါတယ်။
ဒီလို အောင်အောင်မြင်မြင် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကြိုဆိုတဲ့အကြောင်း စာရေးပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီ ဒေသမှာ ပင်လယ် ဓါးပြ တိုက်မှုတွေ များလာတာကို အဆုံးသတ်အောင် တိုက်ဖျက်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ကပ္ပတိန် ဖိလစ်ရဲ့ နေအိမ် ရှိတဲ့ တက်ဆက်ပြည်နယ် ဗာမောက်မြို့မှာလည်း မိသားစုတွေ ပျော်ရွှင်ကြည်နူးနေကြပါတယ်။ မိသားစုရဲ့ မိတ်ဆွေ အဲလစ်ဆင် မက်ကော်လ် (Alison McColl) က သတင်းထောက်တွေကို အခုလို ပြောပါတယ်။
"ဒီအချိန် ဒီအခါကတော့ ဖိလစ်ရဲ့ မိသားစုအတွက် သိပ်ကို ပျော်ရွင်စရာ အီစတာ ပွဲတော် အခါသမယပါပဲ"
မိသားစုတွေတင် မဟုတ်ပါဘူး၊ တခါက ကပ္ပတိန် ဖိလစ်စ် တက်ခဲ့ဘူးတဲ့ မက်ဆာချူးဆက်ပြည်နယ် ကုန်သွယ်ရေကြောင်း အရာရှိ သင်တန်းကျောင်းက သင်တန်းသားတွေလည်း အလားတူ ပျော်ရွင်နေကြပါတယ်။ ဒီ ရေကြောင်း အရာရှိ သင်တန်း ကျောင်းက သင်တန်းသားတွေ ပျော်ရွှင်နေတာဟာ အကြောင်းရှိပါတယ်လို့ ရေတပ် ဗိုလ်ချုပ်းကြီး ရစ်ခ် ဂါနွန် (Rick Gurnon) က ပြောပါတယ်။
"ကျွန်တော့် စိတ်ထဲမှာတော့ အခု လွတ်မြောက်လာတဲ့ ကိစ္စ က မယုံနိုင်စရာကောင်းတဲ့ သတ္တိကို ပြသလိုက်တာဖြစ်သလို အတတ် ပညာရှင်ကောင်း တယောက်အဖြစ် ရပ်တည်ပြသ လိုက်တာလို့ မြင်ပါတယ်။ သူ့အသက်ကို အခြားသူတွေရဲ့ ဘေးကင်း လုံခြုံမှုအတွက် အနစ်နာခဲ့ခဲ့တဲ့ အဖမ်းခံခဲ့တဲ့ သူပါ။"
လွတ်မြောက်လာခဲ့တဲ့ ကပ္ပတိန် Richard Phillips ဟာ Aden ပင်လယ်ကွေ့တွေနဲ့ အန္ဒိယ သမုဒ္ဒယာအတွင်းမှာ ကုန်သတင် သဘောၤတွေကို ကြီးကြပ် မောင်းနှင်ခဲ့ဘူးတဲ့ အတွေ့အကြုံရှိတဲ့သူ တယောက်ဖြစ်ပါတယ်။ ပင်လယ်ဓါးပြတွေ ပြန်ပေးဆွဲ ခံရတဲ့ ပထမဆုံး အမေရိကန် သဘောၤကပ္ပတိန်လည်း ဖြစ်ပါတယ်။
ဒီလို အမေရိကန် အလံလွှင့်ထားတဲ့ ကုန်တင် သဘောၤ ပြန်ပေးဆွဲ ခံခဲ့ရပြီးတဲ့နောက် ပင်လယ်ဓါးပြတွေကို အမေရိကန် ရေတပ် ရဟတ်ယဉ်တွေ၊ စစ်သဘောၤတွေက လိုက်လံရှာဖွေပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ကပ္ပတိန် ဖီလစ်စ်ကို ပြန်ကယ်နိုင်ခဲ့ပေမယ့် အခြား နိုင်ငံတွေက အရပ်သားတွေ ဆိုမာလီ ပင်လယ်ပြင်မှာ ဓါးစာခံအဖြစ် ဖမ်းဆီး ခံနေ ရတာကို မမေ့သင့်ဘူးလို့ ရေတပ် ဗိုလ်ချုပ်ကြီး ရစ်ခ် ဂါနွန် (Rick Gurnon) ကပြောပါတယ်။
"ဆိုမာလီ ကမ်းလွန်မှာ ပြန်ပေးဆွဲခံနေရဆဲ အမျိုးသမီးနဲ့ အမျိုးသား ၂၀၀ ကျော် ရှိနေပါသေးတယ်။ ဒီပြသနာကို မီးမောင်း ထိုးပြနေတာတွေ၊ သတင်းဌာနတွေက ဦးစားပေးဖေါ်ပြနေတာတွေ၊ ကမ္ဘာက အာရုံးစိုက်နေတာတွေ မရပ်ဆိုင်းသင့်ပါဘူး။"
အမေရိကန် ကမ်းခြေစောင့်တပ် တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Thad Allen ကို ABC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နောက်နောင် ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ တိုက်မှုတွေ နှိမ်နှင်းရေး ဘာတွေ လုပ်ဆောင်ဘို့ အစီအစဉ် ရှိပါသလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ သူက အခုလို ပြောပါတယ်။
"အရင်နှစ်တွေ တော်တော်များမှာတော့ ဗြိတိန် နိုင်ငံကနေ ဒေဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့ပြီး ကြီးကြပ်တာ၊ သတင်းအချက်အလက်တွေ ဖလှယ်တာ၊ ပိုပြီး ဘေးကင်းတဲ့ လမ်းကြောင်းကို ရှာပေးတာတွေ လုပ်ခဲ့ပါတယ်။ အခုလည်း ကုန်တင် သဘောၤတွေကို ဘေးအန္တရာယ် အနည်းဆုံးဖြစ်အောင် ဒီလို စည်းမျဉ်း စည်းကမ်းတွေ ချပြီး စလုပ်ဖို့ ပြင်ဆင်နေ ပါတယ်။"
ဒါပေမဲ့လည်း ကုန်တင် သဘောၤတွေကို လက်နက် တပ်ဆင်ရေးနဲ့ ပတ်သက်လို့တော့ ဆွေးနွေးနေကြတုန်းပဲလို့ ရေတပ် ဗိုလ်ချုပ်ကြီး Thad Allen က ပြောပါတယ်။ သင်တန်းပေးဖို့နဲ့ လက်နက်ကိုင်ဆောင်ခွင့် အထောက်အထားတွေ ထုတ်ပေး ရေးမှာ အခက်အခဲတွေ ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။
ပင်လယ် ဓါးပြတွေကို ဖမ်းဆီးပြီး တရားရုံးတွေက အပြစ်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံတကာ အကြား သဘော တူညီတဲ့ ဥပဒေတွေ ချမှတ်နိုင်ဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။
Oklahoma ပြည်နယ် ရစ်ပတ်ဗလင်ကန် အထက်လွှတ်တော်အမတ် တွမ် ကော်ဘန် (Tom Coburn) ကတော့ ဒီ ပြဿနာ ကို ရင်ဆိုင်ဖြေရှင်းဖို့ စစ်တပ်တွေ ပိုသုံးဖို့ လိုတယ်လို့ ပြောပါတယ်။ နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာကို အလေးအနက် ပြောသွားပါတယ်။ ဒီ ဓားပြရန်က လူတိုင်းကို ထိခိုက်နေတာမို့ နိုင်ငံတကာ က ပူးပေါင်း ပါဝင်ဖို့ လိုအပ်တယ်ဆိုတာ သူက ပြောဆိုသွားတာပါ။
အင်ဒီယားနား ပြည်နယ် ဒီမိုကရက် လွတ်တော်အမတ် အီဗန် ဘေး (Evan Bayh) ကတော့ ပင်လယ်ဓားပြတိုက်မှုတွေကို နှိမ်နှင်းဖို့ ဆိုမာလီမှာ တည်ငြိမ်ပြီး ထိထိရောက်ရောက် အုပ်ချုပ်နိုင်တဲ့ အစိုးရ တရပ် ရှိဖို့လည်း လိုအပ်တယ်လို့ ထောက်ပြ ပါတယ်။ ကပ္ပတိန် ဖီလစ်ကို ကယ်တင်ရေး စီမံချက်အကြောင်း မသိခင် နာရီပိုင်းကပဲ သူက အမေရိကန် အလံလွှင့်ထားတဲ့ သဘောၤတွေကို ပြန်ပေးဆွဲသူတွေအနေနဲ့ ဘေးတွေ့နိုင်တယ်ဆိုတာ အမေရိကန် ပြည်ထောင်စုဘက်က ရှင်းရှင်းလင်းလင်း အသိပေးရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။