အမျိုးသားပြန်လည်သင့်မြတ်ရေး စစ်အစိုးရ အမှန်တကယ် လုပ်ချင်ပါသလား?

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းသွားအောင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ရေးသားထားတဲ့ စာတစောင်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီး ကမ္ဘာ့မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့တဲ့ NLD ရဲ့ ရည်ရွယ်ချက်၊ စစ်အစိုးရရဲ့ တုံ့ပြန်ချက် သဘောထား စတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းသွားအောင် ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတဲ့ စာကို မီဒီယာကို ထုတ်ဖော် ပြောကြားခဲ့တဲ့ ရည်ရွယ်ချက်ကို ပထမဆုံး သိချင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ ပြောပြပါလားခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ။ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဘာလုပ်နေတာလဲ၊ ဘာလုပ်နေတယ်၊ ဒီအတိုင်း ထိုင်ကြည့်နေတယ်၊ ဘာကို စောင့်နေတာလဲ။ အဲဒီတော့ ကျနော်တို့က ပြောသင့်ပြောထိုက်တဲ့ ကိစ္စတွေကိုတော့ ပြည်သူသိအောင် ထုတ်ပေးတဲ့ သဘောပါပဲ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီလို ထုတ်ဖော်ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီးတော့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ တွေ့တဲ့သတင်းကို ဖော်ပြထားတဲ့နေရာမှာ ၂၅ ရက်နေ့ ထင်ပါတယ်၊ အဲဒီနေ့စွဲ တပ်တဲ့စာကို ပေးပို့တယ်၊ ၁ ရက်နေ့မှာ သူတို့ဆီရောက်တယ်။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က မီဒီယာတွေကို ထုတ်ပြောခဲ့တယ် ဆိုတာကို တမင်ဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြထားတာကို ဆရာတို့အနေနဲ့ ဘယ်လို အဓိပ္ပာယ်ကောက်သလဲ မသိဘူး၊ ကျနော်တို့ သတင်းသမားတွေအနေနဲ့ မကျေနပ်တဲ့လေသံ ပါတယ်လို့ အဓိပ္ပာယ် ကောက်ပါတယ်။ ဆရာတို့က ဘယ်လို အဓိပ္ပာယ် ကောက်ယူပါသလဲ။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ကဲ့ ကျနော်တို့ အဲဒီသတင်းစာထဲမှာ ထုတ်ပြန်တဲ့ဟာကို ကြည့်လိုက်တယ်ဆိုရင် သေချာသတိထားမိတာက ဒီဥစ္စာဟာ အရေးကြီးတဲ့ ဘာသာရပ် ဖြစ်ပြီးတော့ ဒီကိစ္စကလည်း အလွန်အရေးကြီးတယ်။ သို့သော် ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ရဲ့ လုပ်တာတွေက သိပ်ပြီးတော့ စည်းကမ်းစနစ် မကျဘူးလို့ ဒီလိုညွှန်ပြချင်တဲ့ သဘောတော့ ပါတာ အမှန်ပဲဗျ။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ဘက်ကရော ဘယ်လိုသုံးသပ်ပါသလဲ။ အဲဒါကို တွေ့မိတဲ့အခါ ငါတို့လုပ်မိတာဟာ စည်းကမ်းမဲ့ သူတို့ပြောတဲ့အတိုင်း သတိထားသင့်တဲ့ အကြောင်းအရာလို့ ဆရာတို့ ပြန်သုံးသပ်မိပါသလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ကတော့ အဲဒီလို မသုံးသပ်ပါဘူး။ ကျနော်တို့က တောက်လျှောက် ကျနော်တို့ ခံစားလာခဲ့ရတဲ့ ရာဇဝင်နဲ့ချီ ခံစားလာခဲ့ရတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်ပြီးတော့ NLD ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အရာကို လုပ်နေတယ်လို့ ပြည်သူအများသိအောင် လုပ်ပေးရမယ်၊ ကျနော်တို့ဟာ ပြည်သူတွေအပေါ်မှာ အားထားပြု အားထားခဲ့တဲ့၊ အားထားနေရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်လို့ပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ တွက်တာကတော့ တကယ်တမ်း သင့်မြတ်ရေးကို လိုချင်တယ်ဆိုရင် မီဒီယာကိုပြောပြော ဘာကိုပြောပြော ကောင်းတဲ့ကိစ္စပဲ၊ သူတို့ကို မကောင်းဘူးလို့ ပြောတာလည်း မဟုတ်ဘူးလို့ ကျနော်တို့က သဘောရိုးနဲ့ သုံးသပ်တယ်။ ဆိုတော့ စစ်အစိုးရ သို့တည်းမဟုတ် စစ်အစိုးရ အကြီးအကဲက ဘယ်လိုများ တွက်လိမ့်မယ် ထင်ပါသလဲ။ ဒီလိုဖော်ပြတာ သူတို့ဘာများ မကြိုက်စရာ ရှိသလဲ။ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ငန်းလို့ ယူဆမိလို့လား။

ဦးဉာဏ်ဝင်း ။ ။ သူတို့က ဒီလိုပါ၊ ကျနော့်အမြင် ပြောရလို့ရှိရင်တော့ ကျနော်တို့ တောက်လျှောက် အနှစ် ၂၀ လုံးလုံး ငါတို့အုပ်ချုပ်တယ်၊ ငါတို့နောက်ကိုလိုက်ခဲ့၊ ဒါကို သွားတာကိုဗျ။ အဲဒီတော့ NLD က ငါတို့နောက်ကို လိုက်ခဲ့ဆိုတာကို လက်မခံတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီလို မတူတဲ့ အမြင်တွေတော့ အများကြီး ရှိနေတယ်လေ။ ဒီပေါ်မှာ အခြေခံတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မကြာခင်နှစ်တွေ အတွင်းက မစ္စတာဂမ်ဘာရီ (Mr. Gambari) ကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အများပြည်သူကို ပြောကြားချင်တဲ့ စကားတခုကို စင်ကာပူကတဆင့် ထုတ်ပြန်ပြောကြားခဲ့တယ်။ အဲဒီကိစ္စတုန်းကလည်း မြန်မာနိုင်ငံ စစ်အာဏာပိုင်တွေက အပြင်းအထန်ပဲ ရေးကြီးခွင်ကျယ် လုပ်ပြီးတော့ ဂမ်ဘာရီနဲ့ စကားပြောချိန်မှာတောင် ဖော်ပြပြီးတော့ ပြောခဲ့တာ တွေ့ရပါတယ်။ အဲဒီတုန်းကရော ဆရာတို့ ဘယ်လိုသုံးသပ်ပါသလဲ။ အဲဒီစာကိုရော ဆရာတို့ အဲဒီလိုပဲ သုံးသပ်ပါသလား။

ဦးဉာဏ်ဝင်း ။ ။ အဲဒီတုန်းက statement ထုတ်တာကတော့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပေးလိုက်တယ်။ မစ္စတာဂမ်ဘာရီက စင်ကာပူရောက်မှ ဒီ statement ကို ဖတ်ပြလိုက်တယ်။ အဲဒီလိုပဲဗျ၊ အဲဒီမှာပါတဲ့ အချက်တွေကို ကြည့်လိုက်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က တကယ့် နိုင်ငံအတွက် အလုပ်လုပ်တဲ့ နိုင်ငံရေးသမား၊ ပြည်သူလူထုအတွက် အလုပ်လုပ်တဲ့ နိုင်ငံရေးသမား ဆိုတာကို ထင်ဟပ်တယ်။ အဲဒီတော့ ဒီဟာကို မကြိုက်ဘူး၊ မကျေနပ်ဘူးဆိုတာ ဖြစ်နိုင်တာပေါ့။ သူတို့တင်မကဘူး တခြားလူလည်း ရှိချင်ရှိမှာပေါ့။ သို့သော် ဒါပေမဲ့လို့ ဒါတွေက လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတဲ့အလုပ်တွေလို့ ကျနော်တို့တော့ အဲဒီလိုပဲ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ တခြားလူတွေဆိုတာ ဝေဖန်သူတချို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တကယ်တမ်း တိုင်းပြည်ကို ကောင်းစေချင်တယ်ဆိုရင် သူတို့ကို လုံးဝ မဆက်ဆံ လုပ်ချင်နေတဲ့လူနဲ့ ဆက်ဆံအောင် ကိုယ်က စွဲဆောင်နေရတာပဲ။ ဘာကြောင့် ဒီဟာကို ထိန်းထိန်းသိမ်းသိမ်း မလုပ်ရကောင်းလဲ ဆိုပြီးတော့ at least ကရုဏာဒေါသောနဲ့ ပြောကြားတဲ့လူ ရှိကောင်းရှိပါလိမ့်မယ်။ ဆရာတို့ ဘာပြန်ပြောစရာရှိပါသလဲ ဒီကိစ္စကို။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ပါတယ်။ ဒါကြောင့် ကျနော်ပြောတာပေါ့၊ မကျေနပ်တဲ့၊ မကြိုက်တဲ့လူဟာ သူတို့တင်မကပါဘူး တခြားလည်း ရှိနိုင်ပါတယ်။ သို့သော် တကယ်တမ်းအားဖြင့် နိုင်ငံရေးအရ အကျိုးအမြတ်ရှိအောင် လုပ်ဖို့ဆိုရင် နိုင်ငံရေးအရ အဓိပ္ပာယ်ရှိတဲ့၊ နိုင်ငံရေးအရ ထင်ထင်ရှားရှား ပြည်သူလူထုကို ထိတွေ့နိုင်တဲ့ သဘောတရားကလည်း တဖက်မှာ ထုတ်ရမှာ။ ကျနော်တို့ ကျေနပ်အောင် လိုက်လုပ်ရုံနဲ့တော့ ကိုယ်လိုချင်တဲ့၊ ပြည်သူလူထု လိုချင်တဲ့ အခြေအနေ ရမှာ မဟုတ်ဘူးလေ။ ဒီနှစ်ခုကြားမှာ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ရတဲ့၊ ကိုယ့်ဘာသာကိုယ် ညှိနှိုင်း ဆောင်ရွက်ရတဲ့ သဘောပါပဲ။

ဦးကျော်ဇံသာ ။ ။ တချို့ အာဆီယံ (ASEAN) နိုင်ငံတွေကလည်း ပြောကြတာ ရှိပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရတင် မကဘူး၊ အာရှနိုင်ငံတွေဟာ အာရှနိုင်ငံရေး လောကမှာ open diplomacy သို့မဟုတ် public diplomacy လူသိရှင်ကြား လုပ်တာဟာ သိပ်မထိရောက်ဘူး၊ အဲဒီလို လုပ်ခြင်းအားဖြင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်တတ်တယ်။ Secret diplomacy က ပိုပြီးထိရောက်တယ်၊ တိုးတိုးတိတ်တိတ် စပြောသင့်တယ်ဆိုတဲ့ အယူအဆလည်း ရှိကြတယ်ဆရာ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ လုပ်ငန်းသဘောအရ တိုးတိုးတိတ်တိတ် လုပ်ရမယ့်ဟာ ရှိသလို အများပြည်သူသိအောင် လုပ်ရမယ့်ဟာလည်း ရှိတယ်။ ဒါကို ဒီစကားလုံးတွေကို ဒီမိုကရေစီနဲ့ တွဲလို့တော့ မရဘူးထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ လုပ်ခဲ့တဲ့လုပ်ရပ်ကို သုံးသပ်ပြီးတော့ ကျနော်တို့ မျှော်လင့်ချက်ကို ကြည့်ကြပါစို့။ အခု ဆရာတို့ ပထမဆုံး ရေးထားတဲ့ မျှော်လင့်ချက်၊ ဒီသတင်း ပေါ်မလာခင် ဆရာတို့ ဘယ်လိုမျှော်လင့်ခဲ့လဲ။ လူတိုင်းကတော့ အကောင်းမျှော်လင့်တယ်။ ကျနော်တို့လည်း အကောင်းမျှော်လင့်တယ်။ ဒီလို စာရေးလိုက်တဲ့အတွက် ကောင်းမွန်သော ပြန်ကြားချက် လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဆရာတို့ရော မမျှော်လင့်ခဲ့ဘူးလား၊ အဲဒီလို။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီလိုမျှော်လင့်တဲ့ အတွက်ကိုပဲ ဒီလိုရေးတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု အဲဒီသတင်း ထွက်လာပြီးတဲ့ နောက်မှာရော ဘယ်လို တုံ့ပြန်လာလိမ့်မယ်လို့ ဆရာတို့ မျှော်လင့်ပါသလဲ။

ဦးဉာဏ်ဝင်း ။ ။ သတင်းဆိုတာ အခု အစိုးရက ကြေညာလိုက်တဲ့ ကြေညာချက်ကို ပြောတာလား မသိဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ သတင်းစာထဲမှာ ရေးတဲ့ သတင်းကို ပြောတာပါ။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ကဲ့ပါ၊ ဒီကြေညာချက် တွေ့လိုက်တော့ ကျနော်တို့က မသိဘူး၊ ဘာဖြစ်လို့ ဦးအောင်ကြည် လာတာလဲ၊ ဘာဆွေးနွေးတာလဲ။ ဟိုတုန်းကလည်း ဆွေးနွေးဖူး၊ တွေ့ဖူးတာကိုး။ အဲတော့ သတင်းစာမှာ ကြည့်လိုက်တော့မှ ဒီစာပေါ်မှာ မူတည်ပြီး Sanction နဲ့ ပတ်သက်တာဆိုတော့ ကျနော်တို့ ကျေနပ်တယ်ဗျ၊ ဝမ်းလည်း သာတယ်။ ဒီကိစ္စတွေဟာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ရမယ့်ကိစ္စ။ ဘယ်ကိစ္စမဆို မတွေ့ဆုံ၊ စကားမပြောဘဲနဲ့ အဖြေမရနိုင်ဘူးဗျ၊ မှန်ကန်တဲ့အဖြေ မရနိုင်ဘူး။ တွေ့ဆုံမှသာ အဖြေရတယ်။ ဒါကိုတွေ့လို့ ကျနော်တို့က ကျေနပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည် လာတွေ့တာ ဆရာတို့က အကောင်း မျှော်လင့်ထားပါသလား၊ ကျနော်တို့ကတော့ ခင်ဗျားတို့ ဒီလိုစာရေးတာ မကောင်းဘူးဆိုတဲ့ ကိစ္စကိုများ လာပြီး complain လုပ်သလား၊ ပြောသလား၊ အဲဒီလိုတွက်တာပါ။

ဦးဉာဏ်ဝင်း ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ ဒီလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တဲ့ဟာကို မကျေနပ်ရုံ သက်သက်နဲ့တော့ ဒီလိုလာတွေ့ဖို့ အကြောင်း မလုံလောက်ဘူးလို့ ထင်ပါတယ်။ မကျေနပ်ဘူးဆိုရင် တခြားနည်းနဲ့၊ သတင်းစာထဲက ထုတ်ပြန်ပြီးတော့ပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ လာတွေ့တယ်ဆိုကတည်းက ဒီ subject က ကျနော်တို့ရော အစိုးရရော အရေးကြီးတဲ့ ဘာသာရပ်အဖြစ် လက်ခံတွေ့ဆုံတယ်လို့ ဒီလိုပဲ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ ဆရာတို့ သိရပြီလားခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ လုံး၀ မသိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဘယ်တော့ ဆရာတို့ ခေါင်းဆောင်က ဆရာတို့ကို ခေါ်ပြီး ပြန်ဆွေးနွေးလိမ့်မယ်လို့ သိရပါလဲ၊ ဆွေးနွေးနိုင်ခွင့် ရမယ် ထင်ပါသလား။

ဦးဉာဏ်ဝင်း ။ ။ ကျနော်တို့ တွေ့ဆုံတဲ့အခါ၊ တွေ့ဆုံခွင့်ရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က သူ ပြောနိုင်တဲ့ဟာ ပြောပါမယ်။ ခုနလို ဘယ်တော့ ပြန်လည်ဆွေးနွေးမယ်ဆိုတာ၊ အဲဒါကတော့ ပိုပြီး လေးနက်ပါတယ်။ ဆွေးနွေးပွဲရဲ့ ရလဒ်တခုခုက ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သဘောတူညီချက်၊ အဖွဲ့ချုပ်ရဲ့ ဆန္ဒ လိုအပ်တဲ့ အချိန်မျိုးမှာတော့ အပြည့်အစုံ ပြောကြားလိမ့်မယ်လို့ ဒီလိုပဲ တွက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ CEC အဖွဲ့အနေနဲ့ တွေ့ခွင့်ရဖို့ တောင်းထားတာ ရှိပါသလား။ ဘယ်တော့တွေ့ခွင့်ရဖို့ အလားအလာ ရှိပါသလဲ။

ဦးဉာဏ်ဝင်း ။ ။ တွေ့ခွင့်ရဖို့ကို တပတ် ဆယ်ရက်လောက်ရှိပါပြီ။ CEC က တင်ထားပါတယ်။ ခုနပြောတဲ့ ဗိုလ်ချုပ်မှူးကြီးဆီရေးတဲ့ စာမှာလည်း အဖွဲ့ချုပ်ရဲ့ သဘောထား ရယူဖို့ လိုတယ်လို့ နောက်ဆုံးအပိုဒ်မှာလည်း ဖော်ပြပါတယ်။ ဒါကြောင့် တွေ့ဆုံဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘယ်တော့ဆိုတာမျိုးက ကျနော်တို့ ဆုံးဖြတ်လို့ မရတဲ့အတွက် ခန့်မှန်းခြေလည်း ပြောရခက်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဗိုလ်ချုပ်အောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ ဒါဟာ ကောင်းတဲ့သဘောလို့ ယူဆပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပယ်တာကြတော့ မကောင်းတဲ့သဘော ဆိုတော့ စစ်အစိုးရပေးတဲ့ တုံ့ပြန်မှုက ရောနေတယ်၊ mix message ဖြစ်နေတယ်ပေါ့ဆရာ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုသုံးသပ်ပါလဲ၊ အဲဒီဟာကို။

ဦးဉာဏ်ဝင်း ။ ။ ကိစ္စရပ်တွေ တခုချင်း တခုချင်းကတော့ သီးခြားစီပါ။ သီးခြားစီကို ပေါင်းလိုက်တော့လည်း တခုတည်း ပြန်ဖြစ်ပါတယ်။ သို့သော် ဘယ်ကိစ္စမဆို ပြေလည်အောင် ဆောင်ရွက်တဲ့အခါမှာ အားလုံးမပြီးခင် ဒီလိုပဲ mix ဖြစ်နေမှာပဲ။ ပြောရင်တော့ အရှည်ကြီးပေ့ါ၊ ဒါ တကယ့် ideology မှာလည်း ရှိပါတယ်။ အဲဒီသဘောပါပဲ။ ဒီအယူခံ ပယ်တဲ့အတွက် ဟိုဘက်က ဘာမှမလုပ်ဘူး၊ ဒီလိုပြောလို့လည်း မရပါဘူးဗျ။ တချိန် ပြီးပြတ်သွားတဲ့ အချိန်ကြရင် အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အဲဒီမှာ အဖြေပေါ်ပါမယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်မယ်၊ မလုပ်ဘူးဆိုတာဟာ ပြည်ပမီဒီယာ သိတယ်၊ မသိဘူး ဆိုတာနဲ့တော့ တိုက်ရိုက် မပတ်သက်ဘူးလို့ ထင်ပါတယ်။ တကယ်တမ်းသာ မြန်မာနိုင်ငံ စစ်အစိုးရ အကြီးအကဲအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် လုပ်ချင်တယ် ဆိုရင်တော့ မီဒီယာကို ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ သူ့အနေနဲ့ လုပ်နိုင်တဲ့ အခြေအနေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။