ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေက ဒီကနေ့မှာတော့ ဘန်ကောက်မြို့တော်မှာ ရှိတဲ့ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာ ရုံးချုပ်ရှေ့ကို သွားရောက်ပြီး နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတာတွေကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အင်္ကျီနီဝတ် ဆန္ဒပြသူ ရာပေါင်းများစွာက ကုလသမဂ္ဂရုံးရှေ့ကို ချီတက်ခဲ့ကြပြီး ဘန်ကောက်မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ ချထားဖို့ တရားဝင် စာတစောင် ပေးပို့ခဲ့ကြတာပါ။
ဘန်ကောက်မြို့က စီးပွားရေး အချက်အချာ နေရာကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြမှုတွေကို အဆုံးသတ်ဖို့ စစ်တပ်က သတိပေးခဲ့ပြီးတဲ့နောက် အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရက်အတော်ကြာ ဆန္ဒပြနေသူတွေ စခန်းချနေကြတဲ့ နေရာတွေမှာ ထောင်ချီတဲ့ စစ်တပ်တွေကို ဖြန့်ချထားတာပါ။ ဆန္ဒပြသမားတွေအတွက် အချိန်သိပ်မရှိတော့ဘူးလို့လည်း စစ်တပ် ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်္ကျီနီဝတ် ဆန္ဒပြသူတွေကတော့ သူတို့ စခန်းချရာ နေရာတဝိုက်မှာ ဝါးချွန်တွေ၊ ပလက်ဖောင်း ကျောက်ပြားတွေနဲ့ ကာရံထားကြပါတယ်။
မနေ့ညပိုင်းမှာ တုန်းကတော့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေနဲ့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ကို ထောက်ခံသူတွေကြား အပြန်အလှန် ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ခဲ့ပါတယ်။
အစိုးရ ဆန့်ကျင်သူတွေရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်တဲ့ အနေနဲ့ အစိုးရကို ထောက်ခံသူတွေကလည်း မနက်ဖြန် ဘန်ကောက်မြို့မှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ကျင်းပသွားဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။