ပြည်တွင်း ကြိုတင်မဲများ စတင်ပေး

မဲရုံဝန်ထမ်းများ မဲရေတွက်နေစဉ်။ (ဧပြီ-၂၀၁၂)

မဲရုံဝန်ထမ်းများ မဲရေတွက်နေစဉ်။ (ဧပြီ-၂၀၁၂)

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ အဆင်မပြေသူတွေ ဒီကနေ့မှာ ကြိုတင်မဲတွေ နိုင်ငံတဝန်းမှာ စတင်ပေးနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်နဲ့ ခရီးထွက်ဖို့ ရှိနေတဲ့ နိုင်ငံဝန်ထမ်းတွေကို ဒီကနေ့ကစလို့ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ၁၀ ရက် ကြိုတင်မဲပေးခွင့်ရမှာ ဖြစ်ပြီး ကျန်သူတွေကတော့ နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက် ၂ ရက်တည်းသာ ကြိုတင်မဲထည့်နိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မဲ ကောက်ခံမှုတွေ မှာလည်း လာရောက် စောင့်ကြည့်ကြ ဖို့ ရွေးကောက်ပွဲ ကော်မရှင်တွေက ဖိတ်ခေါ်နေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ ကြိုတင်မဲတွေ စတင်ပေးနိုင်မယ့်သူတွေကတော့ ခရီးထွက်ဖို့ ရှိနေတဲ့ နိုင်ငံ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။ တခြားသူတွေကတော့ လာမယ့်နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တို့မှာသာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်တို့ထံမှာ လာရောက် မဲထည့်ရမှာ ဖြစ်ပါတယ်။ ကြိုတင်မဲ စပေးတဲ့နေ့မှာဘဲ ရန်ကုန်တိုင်း အတွင်း ကြိုတင်မဲပေးမှု လုပ်ငန်းစဉ်ကို ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့သူ ရွေးကောက်ပွဲစောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်း အဖွဲ့ပြောခွင့်ရသူ ဦးရွှေဘက အခုလို ပြောပါတယ်။

" ကျနော်ရောက်တဲ့အချိန်မှာ ကျနော် တယ်လီဖုန်းနဲ့ ကျနော် နှစ်ခု လှမ်းမေးတယ်။ ကျနော် နှစ်ခုက ကိုယ်တိုင်သွားကြည့်တယ်။ အဲ့ဒီ့ ကျနော် တယ်လီဖုန်းနဲ့ မေးတဲ့နေရာမှာရော ကျနော် သွားကြည့်တဲ့နေရာမှာရော ဒီနေ့မှာ တယောက်မှ လာပေးတာမရှိဘူး။ သူတို့ ကြိုတင်မဲ လာပေးတဲ့သူမရှိဘူးခင်ဗျ။ ဒါပေမဲ့ ကျနော် ဖုန်းနဲ့ လှမ်းမေးလိုက်တဲ့ ရပ်ကွက်ကော်မရှင်ရုံးကို လှမ်းမေးလိုက်တော့ သူတို့ဆီကို လာတဲ့သူက ရှိတယ်တဲ့။ ဒါပေမဲ့ သူတို့က ဒီနေ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမှာ မဝင်တဲ့အတွက်ကြောင့် ခရီးသွားချင်လို့ လာတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ ပေးပိုင်ခွင့်ရှိတဲ့ လူတန်းစားမှာ မဝင်တဲ့အတွက်ကြောင့် လက်မခံလိုက်ဘူးတဲ့။ ၆ရက်နဲ့ ၇ရက်မှာ လာပေးပါဆိုပြီး သူတို့က အဲ့လိုပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောတယ်ခင်ဗျ။"

မဲရုံဝန်ထမ်းတွေ၊ ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ မအားလပ်သူတွေ၊ မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေ၊ မကျန်းမာသူ၊ အချုပ်ကျနေသူနဲ့ ဆေးရုံ တက်နေရသူ အားလုံးတို့ကတော့ နိုဝင်ဘာလ ၆ ရက်၊ ၇ ရက်နေ့တို့မှာ မဲထည့်ရမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ထားပါတယ်။

ကြိုတင်မဲ စတင် လက်ခံမှုမှာ တွေ့မြင်ရတဲ့ အနေအထားကိုလည်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ် ကိုနေမျိုးကျော် ခေါ် ကိုနေဘုန်းလတ် က အခုလို ပြောပါတယ်။

"ပထမဆုံး တွေ့ရတဲ့အချက်ကတော့ မဲပြားက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲပြားတွေ အကုန်လုံးက အဝါရောင်တွေဖြစ်နေတယ်။ မဲပြားတွေက အရောင်နဲ့ မခွဲထားဘူးပေါ့နော်။ အဲ့တော့ ဘာဖြစ်လဲဆိုရင် ကျနော်တို့ တံဆိပ်တွေမှာဆိုရင် တံဆိပ်တွေ အားလုံးမှာ ပါတဲ့ ပါတီတံဆိပ်တွေမှာ ပါတဲ့ အဖြူရောင်တွေ အကုန်လုံးက အဝါရောင်တွေ ဖြစ်ကုန်တာပေါ့နော်။ ကျနော်တို့ပါတီဆိုရင်လည်း ကြယ်အဖြူရောင်မဟုတ်တော့ပဲနဲ့ ကြယ်အဝါရောင်တွေ ဖြစ်ပြီး ကြယ်လေးက အဝါရောင်သန်းသွားတာပေါ့နော်။ ပါတီရဲ့ လိုကိုအရောင်ပြောင်းနေတာမျိုးပေါ့။ ကျနော်တို့ဆို ရွှွေဝါရောင်ခွပ်ဒေါင်းနဲ့ အဖြူရောင်ကြယ်တပွင့် ဆိုပြီး တောက်လျောက်ရှင်းလာတာလေ။ အခုက အဖြူရောင်ကြယ်တပွင့်မဟုတ်ဘူး။ အဲ့တော့ ဒါမျိုူးတွေ ဘာမှလည်း မတတ်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုး ဒါမျိုး တွေ့ရတယ်ပေါ့နော်။

နံပတ်နှစ်အချက်ကတော့ မဲပုံးတွေကို ချိပ်ပိတ်တဲ့နေရာမှာ ကြိုးနဲ့ပဲပေါ့နော်။ ဟိုဘက်တခြမ်း ဒီဘက်တခြမ်းမှာ ကြိုးနဲ့ ချည်လိုက်တဲ့အခါမှာ တခြားတဖက်က နည်းနည်းလေး ဟ နေတယ်ပေါ့နော်။ လေးထောင့်ပုံးကို နှစ်နေရာပဲ ချိပ်ပိတ်တော့ ကြိုးနဲ့ ဆွဲမချည်တဲ့ နှစ်ဖက်က နည်းနည်း ဟနေတော့ အကယ်လို့များ အဲ့နားမှာ မှောက်ပီးတော့ ဟ ပြီးတော့ ထုတ်မယ်ဆိုရင် မဲပြားတွေကို ဆွဲထုတ်လို့ရတဲ့အနေအထားမျိုး ဖြစ်နေတာပေါ့။ အဲ့တော့ ကျနော်တို့က ဖြစ်နိုင်ရင် အဲ့ဒီ့နေရာတွေကို တိပ်လေးတွေ ပိတ်ပြီးတော့ အဲ့ဒီ့နေရာလေးတွေကို တခြားဘက်လေးတွေကိုပါ ပိတ်ပေးပါလို့တော့ ပြောတော့ ပြောခဲ့တယ်ခင်ဗျ။"

ကြိုတင်မဲပေးသူတွေဟာ အရင်က အမှန်ခြစ် ခြစ်ရမယ်လို့ နားလည်ထားခဲ့ရာကနေ အခု တကယ်တန်း မဲပေးတဲ့ အခါမှာတော့ တံဆိပ်တုံး ထုရတယ်လို့လည်း ကိုယ်စားလှယ်လောင်း ကိုနေမျိုးကျော် ခေါ် နေဘုန်းလတ်က ပြောပါတယ်။

နိုင်ငံတဝန်း ဒီကနေ့ စတင်တဲ့ ကြိုတင်မဲပေးမှုတွေမှာ နိုင်ငံရေး ပါတီက ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လိုသူ အားလုံးတို့ လွတ်လပ်စွာ စောင့်ကြည့်နိုင်တဲ့ အကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားပါတယ်။ ကြိုတင်မဲ ပေးပြီးသူ စာရင်းတွေကိုလည်း သက်ဆိုင်ရာ မဲရုံတွေမှာ ကပ်ထားကြေညာထားရမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားပါတယ်။