ရုရှား ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေဟာ စစ်ဒဏ်ခံနေရတဲ့ အာဖဂန်နစ်စတန် နိုင်ငံထဲမှာ သူတို့အကျိုးအမြတ်အတွက်ပဲ သူတို့ လုပ်ဆောင်နေကြတယ်လို့ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်မှူးကြီး ဗိုလ်ချုပ်ကြီး John Nicholson က ပြောပါတယ်။
ဒါ့အပြင် အခုလို တခြားနိုင်ငံတွေက ပါဝင်လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူတယ်လို့ VOA အာဖဂန်ဌာနရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ၁၉၇၉ ခုနှစ်ကစပြီး အာဖဂန်စစ်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ပေမဲ့ နောက်ဆယ်နှစ်လောက် အကြာမှာ သူ့ရဲ့ ပါဝင်မှု အဆုံးသတ်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာ ဒီဒေသထဲ သူ့သြဇာ ပြန်လည်လွှမ်းမိုးနိုင်ဖို့ ကြိုးစားလာတာ တွေ့ရပြီး ရှေ့သီတင်းပတ်ထဲမှာတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေတာပါ။
ရုရှားဟာ တာလီဘန်တွေနဲ့ ဆက်နွယ်မှု ရှိနေတာအတွက် စိုးရိမ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Nicholson က ပြောပါတယ်။ ရုရှားက တာလီဘန်တွေကို ပံ့ပိုးပေးနေတာနဲ့ တချိန်ထဲမှာပဲ တာလီဘန်တွေက အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ရုရှားကတော့ အခုလို စွပ်စွဲမှုကို ငြင်းဆိုလိုက်ပြီး တာလီဘန်တွေကို အထောက်အပံ့ပေးပြီး အဆက်အသွယ်လုပ်နေတာဟာ ငြိမ်းချမ်းရေး စကားဝိုင်းထဲ သူတို့ ဝင်လာအောင် အားပေးဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
တချိန်ထဲမှာပဲ အီရန်ကလည်း အာဖဂန်နစ္စတန် အနောက်ပိုင်းက အစွန်းရောက်တွေကို ပံ့ပိုးပေးနေတဲ့ ပုံတွေ့ရတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးထားတဲ့ ပါကစ္စတန်အနေနဲ့လည်း သူ့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြောင်းလဲပြီး အကြမ်းဖက်မှု အားလုံးကို တိုက်ဖျက်ရာမှာ ပူးပေါင်း ပါဝင်စေချင်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Nicholson ကပြောပါတယ်။
တချိန်ထဲမှာပဲ စနေနေ့က အာဖဂန်နစ္စတန် တောင်ပိုင်း Helmand ခရိုင်ထဲမှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွါးခဲ့ပြီး အနည်းဆုံး ၇ ဦး သေဆုံးခဲ့ရသလို အများအပြားလည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက လုပ်တာလို့ တာလီဘန်ပြောခွင့်ရကပြောပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ စစ်တပ်အရာရှိတွေ စစ်သားတွေ ပါပါတယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5