စစ်တပ်အာဏာသိမ်းပြီး အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး (၁,၀၀၀) ကျော်သေဆုံးခဲ့

စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိ တက်ကြွလှုပ်ရှားသူတွေနဲ့အရပ်သားတွေ သေဆုံးစာရင်း။ (Courtesy: AAPP(B))

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ကနေ ၂၀၂၄ ခုနှစ် သြဂုတ် ၃၁ ရက်အထိ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးအယောက် ၁,၀၀၀ ကျော်နဲ့ ကလေးငယ် ၈၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ ဒီသေဆုံးမှုတွေဟာ အကြမ်းဖက်ဖမ်းဆီးခံရပြီး ထောင်ထဲမှာသေဆုံးသူတွေပါဝင်သလို အဓိက,ကတော့ စစ်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီးအယောက် ၆,၀၀၀ နီးပါး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအမျိုးသမီးအယောက် ၁,၀၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဖမ်းဆီးခံရတဲ့အရေအတွက်က အယောက် ၈၀၀ နီးပါးရှိသလို သေဆုံးအရေအတွက်ကလည်း ၈၀၀ နီးပါးရှိနေတယ်လို့သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုထုတ်ပြန်တဲ့ အစီရင်ခံစာအရ သေဆုံးသူအမျိုးသမီးတွေနဲ့ကလေးငယ်အများစုဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အများဆုံးသတ်ဖြတ်ခံရတဲ့နေရာက တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်ပြီး သူ့နောက်မှာတော့ ရခိုင်နဲ့မကွေးတိုင်းတို့မှာ အများဆုံးရှိနေပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB အထွေထွေအတွင်းရေးမှူး နမ်းမို့မို့ကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ လက်ရှိတိုက်ပွဲတွေအတွင်း အဓိကမြေစာပင်ဖြစ်နေရသလို အထိခိုက်အခံရဆုံးသူတွေဖြစ်နေတယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေလုံခြုံမှုမရှိတာက အဓိကပြဿနာတခုဖြစ်တယ်။ တဖက်မှာလည်းအိမ်တွင်းအကြမ်းဖက်မှု၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေ၊ မုဒိန်းမှု စတာတွေလည်းပုံစံမျိုးစုံနဲ့တွေ့နေရတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေများလာတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေထဲမှာ အမျိုးသမီးနဲ့ကလေးကအများစုဖြစ်တယ်။ သူတို့တွေဟာ မလုံခြုံတာ ပထမဦးစားပေးကြုံရတယ်။ နောက်တခုကတော့ တခြားတဘက်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုမရှိလို့ အသက်ဆုံးရတာတွေ အများကြီးရှိလာတယ်။နောက် ကျမတို့အမျိုးသမီးတွေ တက်ကြွလှုပ်ရှားလို့၊ နိုင်ငံရေးရပ်တည်ချက်တွေကြောင့်မလို့ ကျမတို့ကို ဦးတည် တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ ဒါတွေကိုလည်း ကျမတို့အမျိုးသမီးတွေပုံစံမျိုးစုံနဲ့ ကြုံ နေရတယ်။”

AAPP အစီရင်ခံစာအရ အမျိုးသမီးအချို့ဟာ ဖမ်းဆီးခံရပြီး အကျဉ်းထောင်၊ ရဲစခန်းနဲ့စစ်ကြောရေးစခန်းတွေမှာသတ်ဖြတ်ခံရတာကြောင့် သေဆုံးကြရတာတွေရှိခဲ့တယ်လို့ပြောပါတယ်။ ဖမ်းဆီးခံထားရချိန် သေဆုံးမှုတွေမှာတော့စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေမှာ ၈ ဦး၊ ရဲစခန်းမှာ ၂ ဦးနဲ့ စစ်ကြောရေးမှာ ၄ ဦးသေဆုံးခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေဟာ အကျဥ်းထောင်နဲ့ စစ်ကြောရေးတွေအတွင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်းကလည်း ပြောပါတယ်။

“စစ်ကြောရေးစခန်းမှာသေဆုံးမှုတွေကများလာတယ်။ အကျဉ်းထောင်တွေထဲမှာလည်း ဆေးဝါးမလုံလောက်လို့သေဆုံးသွားရတဲ့ နိုင်ငံရေး အကျဉ်းသူတွေလည်း ရှိတယ်။ ညှင်းပန်းနှိပ်စက်မှုက စစ်ကြောရေးစခန်းတွေမှာဆို သူတို့တွေသည် အမျိုးသမီးအင်္ဂါတွေကို သူတို့ နံပါတ်တုတ်နဲ့ ထိုးတာမျိုး၊ လက်ထိပ်နောက်ပြန် ခတ်ပြီး နောက်ကနေ မုဒိန်းကျင့်ပြီး သူတို့သုက်ရည်တွေကို နိုင်ငံရေးအကျဉ်းကျအမျိုးသမီးတွေ ရင်ဘတ်ပေါ်ပန်းချတာမျိုး။ ခံခဲ့ရတာတွေရှိတယ်။ စစ်ကြောရေးတွေမှာ မျက်လုံးအိမ်တွေမှာဆိုလည်း သွေးခြည်ဥတဲ့အထိ ထိုးနှက်ရိုက်နှက်တာမျိုးပေါ့။ ဒဏ်ရာတွေအသားမာတက်တဲ့အထိ ခံရတာရှိတယ်။ တချို့ဆို စစ်နေရင်းဘောပင်ကိုမီးရှို့ပြီး မိန်းမအင်္ဂါကိုထိုးတာ။ တချို့ဆိုဆေးလိပ်မီးနဲ့တို့ခံရတာရှိတယ်။ အာဏာသိမ်းပြီးနောက်မှ ဒီလိုတွေ ခံရတာပေါ့နော်။ အဲလိုခံရတာမှာ အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေလည်း ပါဝင်တယ်။"

နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အမျိုးသမီး ၅,၀၀၀ ကျော်မှာ အများစုက ရန်ကုန်တိုင်းထဲကဖြစ်ပြီး အယောက် ၁,၅၀၀ နီးပါးရှိတယ်လို့ AAPP အစီရင်ခံစာက ဖော်ပြပါတယ်။

အမျိုးသမီးတွေနဲ့ကလေးတွေအပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တရားလက်လွတ်ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေနဲ့ သတ်ဖြတ်ခံရတာတွေကို နိုင်ငံတကာက လျစ်လျူရှုမထားဘဲ သက်ဆိုင်သူတွေကိုအရေးယူနိုင်ပေးဖို့ AAPP က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

AAPP ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း အယောက် ၅,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ဖော်ပြထားပြီး ဒီစာရင်းတွေဟာ ကောက်ယူနိုင်တဲ့ စာရင်းတွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများ နိုင်တယ်လို့ ပြောပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားသိရဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့ပါဘူး။

Your browser doesn’t support HTML5

စစ်တပ်အာဏာသိမ်းပြီး အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး (၁,၀၀၀) ကျော်သေဆုံးခဲ့