သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သရက်ထောင်တွင်း နိုင်/ကျဉ်းတဦး သေဆုံး


သရက်အကျဥ်းထောင်တည်နေရာ။ (Crd: Google map)
သရက်အကျဥ်းထောင်တည်နေရာ။ (Crd: Google map)

သရက်အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတဦး အချိန်မီဆေးကုသခွင့်မရလို့ ဇူလိုင်လ ၂၇ ရက်နေ့က သေဆုံးသွားခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြော ပါတယ်။ အကျဉ်းထောင်တွေထဲ ဆေးဝါးကုသမှုမရလို့ သေဆုံးသူဦးရေဟာ ဒီတနှစ်အတွင်း ၁၀ ဦးထက်မနည်းရှိတယ်လို့လည်း နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် ကပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သရက်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုညီညီဟာ ဇူလိုင် ၂၇ ရက် မနက်အစောပိုင်း မှာသေဆုံးခဲ့တာပါ။ ဇူလိုင်လ ၂၆ ရက်နေ့ ညကစလို့ ထောင်တွင်းမှာ သွေးတိုးပြီး ရောဂါပြင်းထန်နေချိန် အကျဉ်းထောင် တာဝန်ရှိသူတွေက ဆေးရုံတက်ရောက်ကုသခွင့်မပေးခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်း သားများ ကွန်ရက်(PPNM)ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"ဇူလိုင်လ ၂၇ ရက်နေ့ မနက်အရုဏ်ဦး ၁ နာရီနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားအမည်ကတော့ ကိုညီညီပေါ့။ အသက်က ၃၈ နှစ်ပြည့်ပြီး ၃၉ နှစ်ထဲမှာပေါ့။ ထောင်ဒဏ်စုစုပေါင်း ၁၁ နှစ်အမိန့်ချခံထားရပါတယ်။ ဆုံးတာကတော့ သွေးတိုးရောဂါနဲ့ ဆုံးတာလို့သိထားရပါတယ်။"

ကိုညီညီဟာ ၂၀၂၂ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၂(က)/၅၁(ဂ) တို့နဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။ သူ သေဆုံးချိန်မှာ အသက် ၃၉ နှစ် ရှိပြီဖြစ်ပါတယ်။ မိသားစုကိုတော့ သင်္ဂြိုဟ်ခွင့်ပေးခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ သေဆုံးသူကိုညီညီရဲ့မိသားစုနဲ့နီးစပ်တဲ့အမည်မဖော်လိုသူတဦးကတော့ အကျဉ်းထောင်က ရုတ်တရက် သေဆုံးခဲ့တယ်လို့ သာ အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ အရင်က သွေးတိုးရောဂါ ကြီးကြီးမားမားဖြစ်ခဲ့တာမျိုး မရှိခဲ့သလို ကိုယ်တိုင်သွေးတိုးရှိမရှိလည်း သေချာမသိခဲ့ရဘူးလို့ ပြောပါ တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ သရက်အကျဉ်းထောင်နဲ့ အကျဉ်းဦးစီးကိုအကြိမ်ကြိမ်ဆက်သွယ်မေးပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသမှုမရတာကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ မသေဆုံးသင့်ဘဲ သေဆုံးနေရတာလို့ ကိုသိုက်ထွန်းဦးကတော့ ပြောပါတယ်။

" စစ်ကောင်စီကသော်လည်းကောင်း၊ ရဲကသော်လည်းကောင်း မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသား အကျဉ်းသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကိုပေါ့ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုအပါအဝင် နေထိုင်စားသောက်ရေးကိုတာဝန်ယူ ပေးရမှာဖြစ်တယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ကိုယ်တိုင်က အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ဖိနှိပ်ညှင်းပန်းတဲ့အပြင် တဖက်လှည့်ကနေလည်းကျန်းမာရေးဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို အချိန်နဲ့တပြေးညီဆေးဝါးကုသခွင့်မပေးတာ၊ အပြင်ဆေးရုံတွေကို refer ထုတ်ခွင့်ကြန့်ကြာတာ၊ ကိုညီညီဆိုလည်း လုံးဝသွေးတိုးနေတဲ့အချိန်မှာ သွေးကျဖို့အတွက်ဆေးမှူးကိုစောင့်ရတာ တနာရီခွဲလောက်ကြာခဲ့တယ်။ အပြင်ကိုထွက်ကုသခွင့်ရဖို့လည်း ၁ နာရီဝန်းကျင်လောက်ကြာခဲ့တယ်။ လာရောက်ကုသဖို့ အချိန်နဲ့တပြေးညီမရောက်လာဘူးပေါ့။ ဒီလိုနှောင့်နှေးတဲ့အတွက်လည်း ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေက အသက် ဆုံးရှုံးနေရတာဖြစ်တယ်။ ဒီလိုကျဆုံးရတာဟာ အကျဉ်းဦးစီးကနေ တဖက်လှည့်နဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ သေဆုံးဖို့အတွက် သတ်ဖြတ်နေတာဖြစ်တယ်လို့ ကျနော်တို့ အဖွဲ့က ပြောချင်ပါတယ်။"

အကျဉ်းထောင်တွေထဲမှာ ဆေးဝါးကုသမှုမရလို့သေဆုံးသူဦးရေဟာ ဒီတနှစ်အတွင်း ၁၀ ဦးထက်မ နည်းရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။ ဒီစာရင်းဟာကောက်ယူနိုင်တဲ့စာရင်းသာရှိပြီး ဒီထက်ပိုများနိုင်တယ်လို့လည်း ပြောပါ တယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ စစ်တပ်အာဏာ သိမ်းချိန်ကနေ ဇူလိုင်လ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ စစ်ကောင်စီ ရဲ့ ဖမ်းဆီးခံခဲ့ ရသူ နှစ်သောင်းခုနစ်ထောင်ကျော် (၂၇,၀၀၀) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG