သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးလှုပ်ရှားသူ လူငယ်တဦး အိုးဘိုထောင်တွင်း ရိုက်နှက်ခံရမှုကြောင့် သေဆုံး


Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်
Google Earth မြေပုံမှ မြင်တွေ့ရသည့် မန္တလေးတိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်

မြန်မာနိုင်ငံ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ မန္တလေး အိုးဘိုထောင်မှာ လူငယ်နိုင်ငံရေး အကျဉ်းသားတဦး ရိုက်နှက်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်သားတွေရဲ့ အပြင်းအထန် ရိုက်နှက်မှုကြောင့် ကိုထက်ရန်နိုင် သေဆုံးကြောင်း နိုင်ငံရေး အကျဉ်းသားအရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ ထောင်တွင်း အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

သေဆုံးသူဟာ အိုးဘိုအကျဥ်းထောင်၊ အမျိုးသားအိပ်ဆောင်(၃)မှာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတဲ့ အသက် (၂၄)နှစ်အရွယ် ကိုထက်ရန်နိုင် (ခ) ထက်ထက်ပဲဖြစ်ပါတယ်။ စစ်ကိုင်းဇာတိဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါ၀င်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ-၅၂(က) အပါအ၀င် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ရက် မနက်ပိုင်းလောက်မှာ ကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်တွေနဲ့ ရာဇ၀တ်သားတချို့က ဝိုင်း၀န်း ရိုက်နှက်ခဲ့တာဖြစ်ပြီး သူ့ ရုပ်အလောင်းကိုတော့ မိသားစုကို ထောင်အာဏာပိုင်တွေက ပြန်ပေးခဲ့ရာမှာ ခန္ဓာကိုယ်မှာ ရိုက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ခဲ့ရတယ်လို့ နာရေးကိစ္စကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ နာယက ဦးထွန်းကြည် က ဗွီအိုအေကို ပြောပါတယ်။

"သူ့နာမည်က ထက်ယံနိုင်ခေါ် ထက်ထက်ပါ။ အဖေနာမည်က ဦးအေးကို၊ သူက ၃ဆောင် ၁ခန်းက။ ရိုက်ခံရတာ။ အဲဒီနေ့မှာ သူ့ကို ဝန်ထမ်းတွေက ဝိုင်းရိုက် ကြတယ်ပြောတယ်။ သူ့ဇာတိက စစ်ကိုင်းက၊ မိသားစုကိုအလောင်းပြန်ပေးပါတယ်။ ဒါမယ့် အလောင်းမှာ ညိုမဲစွဲရာတွေပါလာတယ်။"

ကိုထက်ရန်နိုင် ကို အိုးဘိုထောင်ထဲမှာ ရာဇ၀တ်အကျဥ်းသားတွေ ဝိုင်း၀န်းရိုက်နှက်တာကို ထောင်အာဏာပိုင်တွေက တားဆီးအရေးယူခြင်းမရှိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့- ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မနက် ၇နာရီ ပတ်၀န်းကျင်လောက်မှာ ကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ရာဇ၀တ်အကျဥ်းသားတွေက စတင်ရိုက်နှက်ခဲ့တာဖြစ်ပြီး နေ့လည် ၁နာရီဝန်းကျင်မှသာ မန္တလေးဆေးရုံကိုပို့ခဲ့ကြောင်းနဲ့ ကိုထက်ရန်နိုင်ဟာ ရိုက်နှက်ဒဏ်ရာတွေကြောင့် အသက်မမီတော့ပဲ သေဆုံးခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ဖြစ်စဥ်ကို အသေးစိတ်ဖေါ်ပြထားရာမှာ- အကျဉ်းသားတဦး မူးယစ်ဆေးရောင်းတာကို တွေ့တာမို့ ထောင်ပိုင်ကိုသွားတိုင်ဖို့လုပ်တာကို ရောင်းတဲ့ အကျဉ်းသားက လုပ်ကြံလီဆယ်တိုင်တန်း မှုကိုသေချာမစစ်ဆေးဘဲ သေဆုံးသူက မချေမငံပြောဆိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်းရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ် ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နဲ့တခြားအကျဉ်းထောင်ဝန်ထမ်းတွေက ဝါးဆစ်ပိတ် တုတ်များ၊သံတုတ် များ၊ကျဉ်စက်များ နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ရေးသားထားပါတယ်။

PPNM အဖွဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး ကလည်း အကျဉ်းထောင်တွေထဲမှာ နိုင်ကျဉ်းတွေဘဝဟာ ကူကယ်ရာမဲ့ အခြေ အနေနဲ့ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"အကျဉ်းထောင်အာဏာပိုင်တွေဘက်က မူးယစ်ဆေးဝါးရောင်းချတာမျိူးတွေ ထောင်တွေမှာရှိတယ်။ တခါတခါမှာလာဘ်စားမှုတွေရှိတယ်။ တခါတခါမှာ ငွေရှာတဲ့ကိစ္စတွေရှိတယ်။ ဒီလိုကိစ္စတွေမှာသူတို့ကိုအနှောင့်အယှက်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခြားရာဇဝတ်အကျဉ်းသားတွေနဲ့ခွဲခြား ဆက်ဆံတယ်။ အခြားရာဇဝတ်အကျဉ်းသားတွေကိုမြှောက်ပေးပြီး သတ်ဖြတ်နေတာမျိုးတွေတွေ့ရတယ်။ တခါတခါထောင်ပြင်ပကိုထုတ်ပြီးဥပဒေမဲ့ သတ် တာတွေလုပ်တယ် လက်ရှိနိုင်ငံရေးအကျဉ်းသားသူတွေဟာ အခြေခံအကျဆုံးဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်တွေဆုံးရှုံးနေတယ်။ အကျဉ်းထောင်ထဲ ညှင်းပန်း နှိပ်စက်ခွင့်ကင်းလွတ်ခွင့်ဆိုတဲ့အခြေခံအကျဆုံးသောအခွင့်အရေးတွေ ဆုံးရှုံးနေတာပြောချင်ပါတယ်။ လက်ရှိနိုင်ကျဉ်းတွေက ထောင်ထဲမှာ ကြက်ကလေး ဌက်ကလေးကိုထောင်အာဏာပိုင်တွေရဲ့သတ်တာခံနေကြရတယ်။ ကိုယ့်မျက်စိရှေ့မှာ နိုင်ကျဉ်းတယောက်ကို ဥပဒေမဲ့ညှင်းပန်းခံနေရတာကို အံကြတ်ပြီး လက်သီးစုပ်နေရတဲ့ အခြေအနေတွေကိုနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေခံစားနေရပါတယ်။"

အာဏာပိုင် တွေကတော့ နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုကိုအကြောင်းကြားပေမယ့် ခန္ဓာကိုယ်မှာ ရိုက်နှက်ရာမျိုးတွေရှိနေတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ နိုင်ကျဉ်းတွေကိုကူညီသူတွေ ကဗွီအိုအေကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း အိုးဘိုထောင်ကနေလွတ်လာသူ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ နိုင်ငံရေးအကျဉ်းသား တဦးပြောဆိုချက်အရ သေဆုံးခဲ့သူ ကိုထက်ရန်နိုင် ဟာ ၃ဆောင်ကဖြစ်ကြောင်း ဗွီအိုအေကို အတည်ပြုသလို သူဟာ ကျန်းမာရေးကောင်းသူတဦးဖြစ် တယ်လို့ပြောပြပါတယ်။ ကိုထက်ရန်နိုင်ဟာ ထောင်ထဲမှာတက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ပါဝင်သူဖြစ်သလို ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ထောင်တွင်းလှုပ်ရှားမှုမှာ ပါ၀င်ခဲ့သူလို့ ဆိုပါတယ်။

ရိုက်နှက်ခံရတဲ့အခြေအနေအသေးစိတ်ကိုမသိပေမယ့် ထောင်အာဏာပိုင် အနည်းဆုံး ၃ ဦးထပ်မနည်း ဝိုင်း၀န်း ရိုက်နှက်တာကိုမျက်မြင် တွေ့ခဲ့ရ တယ်လို့ လည်း လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားက ဆက် ပြောပြပါတယ်။ ကိုထက်ရန်နိုင်ကို ဝိုင်း၀န်ရိုက်နှက်ခဲ့တဲ့ နေ့က ၂၁ရက်နေ့ကဖြစ်ပေမယ့် မိသားစုကို ၃ရက်အကြာမှသာ အကြောင်းကြားခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် နဲ့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေဟာ အဆိုးဝါးဆုံးအခြေအနေတွေ ရှိနေတယ်လို့ ဦးထွန်းကြည်ကပြောပါတယ်။

" ဖြစ်နေတာကတော့ မထင်ရင်မထင်သလို ထုတ်တာတွေ စစ်ဆေးတာတွေ နောက်တခုက ညှင်းပန်းနှိပ်စက်တာတွေ အချိန်မရွေးထောင်ထဲမှာက ခြင်းထဲက ကြက်လိုဘဲပေါ့။ လက်ခုတ်ထဲကရေလိုဘဲပေါ့။ ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝန်ထမ်းတွေကိုလဲ ဖိနှိပ်ညှင်းပန်း အနိုင်ကျင့်ဖို့ လိုင်စင်ထုတ်ပေးထား တဲ့ သဘောမို့ အခုလိုမျိုး နိုင်ကျဉ်းတယောက်ကို အနိုင်ကျင့်ဗိုလ်ကျပြီးတော့ ရိုက်နှက်ပြီးတော့ ခြေလွန်လက်လွန်ဖြစ်ပြီး အိမ်ကိုပြန်ပို့တဲ့အခါကျတော့ နှလုံးဖောက်တယ်လို့ပြောတယ်။ ဒါကတကယ်ကျတော့ မတရားမှုကြီးဘဲလေ။ အကြမ်းဖက်လုပ်ရပ်ပေါ့နော်။ လူ့အခွင့်အရေးကို အပြင်းထန်ဆုံးချိုးဖောက် နေတဲ့ အခြေအနေဖြစ်နေတယ်။"

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) စာရင်းအရ အကျဉ်းထောင်ထဲမှာ ဖိနှိပ်ခံရလို့သေဆုံးသူ နိုင်ငံရေးအကျဥ်းသား အရေအတွက် အယောက် ၂၀ ထက် မနည်းရှိတယ် လို့ဖော်ပြထားပါ တယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG