သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၈၀ ခန့် ရိုက်နှက်ခံရ


Google Map မြေပုံမှ မြင်တွေ့ရတဲ့ ဒိုက်ဦးမြို့ရှိ အကျဉ်းထောင်
Google Map မြေပုံမှ မြင်တွေ့ရတဲ့ ဒိုက်ဦးမြို့ရှိ အကျဉ်းထောင်

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ ၈၀ ထက်မနည်းရှိပြီး အဲဒီထဲက ၈၈မျိုးဆက် မနုနုအောင် အပါအဝင် ၅ ဦး ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ PPNM မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဗွီအိုအေကိုပြောပါတယ်။ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲက (၄၀)ကျော်ဟာ ဇွန်လ ၁၅ ရက်နေ့က ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံရတာဖြစ်ပြီး သူတို့ရောက်တဲ့နေ့မှာ အခုလိုထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာကို ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကျိုက်မရော အကျဉ်းထောင်ကနေ ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ကျော်ကို ဒိုက်ဦး အကျဉ်း ထောင်အာဏာပိုင်တွေက ရှာဖွေစစ်ဆေးပြီးနောက် အရင် ကျိုက်မရောထောင်က ပါလာတဲ့ အသုံးအဆောင်နဲ့ အစားအသောက်တွေ သိမ်းယူခဲ့ ပြီး ပြန်မပေးတဲ့အတွက် ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေက သူတို့ပိုင်ပစ္စည်းတွေကိုပြန်တောင်းရာကနေ ထောင်၀န်ထမ်းတွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒိုက်ဦးအကျဉ်းထောင်မှာ ဇွန် ၁၅ရက်နေ့ ညနေပိုင်းလောက်တန်းပိတ်ချိန်မှာ ရိုက်နှက်မှုတခုဖြစ်ခဲ့တယ်။ နိူင်ငံရေးအကျဉ်းသူ ၅ဦးကျော် လောက်ကတော့ ပြင်းပြက်းထန်ထန်ဒဏ်ရာရခဲ့တယ်။ လက်ရှိ ဒိုက်ဦးဆေးရုံထောင်အမျိုးသမီးဆောင်မှာ ရိုက်နှက်ခံရလို့ဆေးဝါးကုသမှု ခံယူနေရတယ်။ ၃၀ကျော်လောက်ကလည်းရိုက်နှက်ခံရတယ်။ ဆိုးဆိုးဝါးဝါးမပါသွားဘူး။ ရိုက်နှက်ခံရပေမယ့် ဆေးရုံမပို့ဘဲ တိုက်ထဲလက်ရှိ ထည့်ထားတာရှိတယ်။ လေးဂွနဲ့ပါဝိုင်းပစ်တော့ ပြောင်းလာတဲ့နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် မူလအဲအဆောင်မှာရှိနေတဲ့ အမျိုးသမီး ဆောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူတွေပါ လေးဂွစာမှန်ပြီးထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။"

ရိုက်နှက်ခံရသူတွေထဲ ၈၈ ငြိမ်းပွင့်အဖွဲ့က မနုနုအောင်နဲ့ မခက်ခက်လွင်တို့ ပါဝင်ခဲ့ပြီး မနုနုအောင်ဒဏ်ရာပြင်းထန်ရထားတယ်လို့ ထောင်နဲ့ နီးစပ်သူတဦးကအတည်ပြုပါတယ်။ ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့သူတွေထဲမှာ ကျိုက်မရောထောင်ကနေ ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူ သုံးဆယ်ကျော်နဲ့ ဒိုက်ဦးထောင်မှာ အရင်ကတည်းက အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ငါးဆယ်ကျော်တို့ ပါဝင်ပါတယ်။ ထောင် အာဏာပိုင်တွေက ပစ္စည်းတွေကို ပြန်မပေးတဲ့အပြင် မလိုအပ်ပဲ မိုးပေါ်ကို သေနတ်နဲ့ ပစ်ဖောက်ခဲ့တယ်လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြောခွင့်ရဆီ ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်တုံပြန် ဖြေဆိုတာမရှိသေးပါဘူး။ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းကတော့ နိုင်ကျဉ်းတွေကို ထောင်တွင်းဖိနှိပ်မှုတွေပိုတိုးဆောင်ရွက်လာသလို ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်းပိုများလာတာမို့ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ ထောက်ပြသွားပါတယ်။

"ဒီ ၅၀ကျော်ကိုပေါ့နော်လောက်လေးတွေနဲ့ပစ်တယ် သေနတ်တွေနဲ့ချိန်တယ်။ ပြီးရင်နှမသားချင်းကိုယ်ချင်းမစာဘဲ ဆဲရေးတိုင်းထွာမှုတွေနဲ့ မိုက်တဲ့ကောင်မထွက်ခဲ့ မုဒိန်းကျင့်မယ်ဆိုတဲ့အနေအထားတွေထိ လုပ်ဆောင်ခဲ့တာကို တွေ့မြင်သိရတယ်။ အခုလိုအမျိုးသမီးတွေကို ယောကျ်ားသားတွေက အပ်တိုတချောင်းမရှိတဲ့အမျိုးသမီးတွေကိုဒီလိုမျိုးရက်ရက်စက်စက် နှိပ်ကွပ်လုပ်နေတာသည် မတရားဘုး။ ဒီမတရားတာကို မေ့မသွားဖို့လိုတယ်။ နောက်တိုက်ပိတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသူတွေ ဆေးဝါးကုသခွင့်မရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ သူတို့အဆောင်တွေမှာ ပြန်လည်နေရာရရှိရေး မိသားစုနဲ့တွေ့ဆုံခွင့်ရရေး သူတို့အခွင့်အရေးတွေပြန်ရဖို့နဲ့ နောက်ပြီး ဒီလူတွေကိုအရေးယူနိုင်ဖို့ကိုဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။"

ဇွန်လ (၁၅)ရက်နေ့က ဒိုက်ဦးထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖိနှိပ်မှုတွအပြီး လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူ သုံးဆယ်လောက်ဟာလည်း တိုက်ပိတ်ခံထားရတယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း လူနှစ်သောင်း၇ထောင်နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၉၀၀၀ ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG