သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားထောင်မှာ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဒဏ် ထပ်တိုး


မြစ်ကြီးနားအကျဉ်းထောင် (Photo-မြစ်ကြီးနားသတင်းဂျာနယ်) (မှတ်တမ်းပုံ)
မြစ်ကြီးနားအကျဉ်းထောင် (Photo-မြစ်ကြီးနားသတင်းဂျာနယ်) (မှတ်တမ်းပုံ)

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြရာမှာပါဝင်တယ်ဆိုပြီး အကျဉ်းသား ၁၃ ဦးကို နောက်ထပ်ထောင်ဒဏ် ၃နှစ်ခွဲဆီ ချမှတ်လိုက်ကြောင်း အကျဉ်းသားအခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လထဲ မြစ်ကြီးနားထောင်တွင်း ဆန္ဒပြပွဲမှာ သေကျေဒဏ်ရာရတဲ့အထိ အပြင်းအထန် နှိမ်နင်းခံခဲ့ရသလို၊ နောက်ဆက်တွဲ ထောင်ဒဏ်၊ ပြစ်ဒဏ်တွေပါ ရင်ဆိုင်နေကြရတာပါ။ မြစ်ကြီးနားထောင်တွင်းက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို မခင်လေး တင်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း မှာဆန္ဒပြမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာပါ။ အဲလိုဆန္ဒပြတဲ့အပေါ် ပစ်ခတ်နှိမ်နင်းမှုတွေထိ လုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းတာကြောင့် ကနဦးမှာ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအတွင်းမှာဘဲ နောက်ထပ် အကျဉ်းသားတဦးလည်း ဆေးကုသမှုခံနေစဉ်မှာ ထပ်မံသေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပါဝင်သူတွေလို့ စွပ်စွဲခံရတဲ့ ဒီအကျဉ်းသား ၁၃ ဦးကိုတော့ ကျခံနေရတဲ့ ပြစ်ဒဏ်အပြင် ထပ်တိုးပြစ်ဒဏ်အနေနဲ့ နောက်ထပ် ထောင်ဒဏ် ၃ နှစ်ခွဲထပ်ကျခံဖို့ မြစ်ကြီးနား တရားရုံးကအမိန့်ချလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် -PPNM က ဦးသိုက်ထွန်းဦးက ဗွီအိုအေ ကို အခုလိုပြောပြလာတာပါ။

"မြစ်ကြီးနားအကျဉ်းထောင်ဆန္ဒပြမှုအပါအဝင် ဆန္ဒပြမှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၃ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆ (၁) အပါအဝင်ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၆၆-ဃ နဲ့ပါ အမိန့်ချထားပါတယ်။ စုစုပေါင်းပြစ်ဒဏ် ၃နှစ်နဲ့ ၆လ အမိန့်ချပါ တယ်။ စုံစမ်းမှုအရတော့နိုင်ငံရေးအကျဉ်းသား နိုင်ငံရေးအကျဉ်းသား ၅ဦးပါတယ်ဆိုတဲ့အချက်အလက်ရထားတယ်။ လက်ရှိမှာသတင်းအ မှောင်ချထားသလို လုံခြုံရေးတင်းကျပ်ထားတာကြောင့် ဒေတာတွေအားလုံးရဖို့တော့ကျနော်တို့ကြိုးစားနေပါတယ်။"

နိုင်ငံရေး အကျဉ်းသား ၅ ဦးပါဝင်တဲ့ အကျဥ်းသား ၁၃ ဦးအပေါ်ဘယ်အချိန်က ထောင်ဒဏ်တွေ တိုးပြီး ချလိုက်သလဲဆိုတာ အတိအကျ မသိရပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ကြောင်း မြစ်ကြီးထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။
မြစ်ကြီးနားထောင်သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ထပ်တိုးပြစ်ဒဏ်များ အမိန့်ချမှတ်ခြင်းခံရသူများထဲမှာလက်နက်ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၁၉-က နဲ့ ၁၉ -င တိုနဲ့ ထောင်ဒဏ် ၅ နှစ် ၃ လ အမိန့် ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်း တို့ ၃ယောက်အပြင် အကြမ်းဖက်ဥပ‌ဒေ ပုဒ်မ ၅၂ -က နဲ့ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့ပါဝင်ပါတယ်။

ဒီဖြစ်စဉ်ရဲ့နောက်မှာ အခုလိုထောင်ဆူပူမှု ၊ ကျည်အစစ်နဲ့ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးမှုတွေ စစ်ကောင်စီဘက်က လုပ်ခဲ့တာရှိပါတယ်။ ကနဦး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းစစ်ဆေးရာမှာ ဆန္ဒပြမှုဖြစ်စဉ်မှာပါဝင်တယ်လို့ သတ်မှတ်ခံရတဲ့ အကျဉ်းသား ၁၉ ယောက်ကို ပထမဆုံးတိုက်ပိတ်တာအပြင် ထောင်ဝင်စာပစ္စည်းပို့ခွင့်၊ လူတွေ့ ခွင့် ပိတ်ပင်ကာ အပြစ်ပေးခဲ့ပြီးနောက်မှာ အဲထဲကနေ အကျဉ်းသား ၁၃ ဦးကို အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အကျဉ်းသားများကိုခေါ်ယူစစ်ဆေးပြီးနောက် အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ ဒီဆူပူမှုဖြစ်စဉ်မှာ ကျည်အစစ်နဲ့ ပစ်ခွင်းတဲ့အတွက်လည်း ထောင်ဝန်ထမ်း ၈ ဦးထက်မနည်းကိုလည်း ဖမ်းဆီးစစ်ဆေးမှု တွေလုပ် ခဲ့ပေမယ့် ခုချိန်ထိတိတိပပအရေးယူတာမျိုးမရှိသေးဘူးလို့ ဦးသိုက်ထွန်း ဦးကပြောပါတယ်။

"ထောင်ပိုင်နဲ့ထောင်ပိုင်လေးကတော့ အမိန့်ချမှတ်တာမခံထားရဘဲ အကျယ်ချုပ်အနေနဲ့နေထိုင်နေရဆဲပါ။ ထောင်ဆရာဝန်ကလည်း ထောင် ကနေ ကျန်းမာရေးဝန်ကြီးဌာနဘက်ပြန်ပြောင်းရွှေ့ရတယ်လို့သိရတယ်။ ကျူးလွန်ခဲ့တဲ့ညွှန်ကြားရေးမှုးတွေ ထောင်ပိုင်တွေ ထောင်ပိုင် လေးတွေ သူတို့တွေကတော့ အပြစ်ပေးခံရမယ့် ပြစ်မှုအပြစ်ပေးခံရမယ့် ပြစ်ဒဏ်ငနေကင်းလွှတ်နိုင်တာမရှိသေးဘူးဆိုတာကျနော်ပြောနိုင် ပါတယ်။"

အခုလိုထောင်ဒဏ် ထပ်တိုးချမှတ်ခံရပြီး တိုက်ပိတ်ပြစ်ဒဏ်ပါကျခံရတဲ့အခြေအနေအပေါ်မှာဥပဒေကြောင်းအရစဉ်းစားထည့်သွင်းရမယ့် အချက်တွေ ထည့်သွင်းစဉ်းစားခဲ့တာမရှိဘဲ တဖက်သတ်အပြစ်ပေးခဲ့တာလို့ သုံးသပ်နိုင်တဲ့အကြောင်း ဥပဒေပညာရှင်တဦးကတော့ အခုလိုမှတ်ချက် ပေးခဲ့ပါတယ်။

"၂ပိုင်းခွဲပြောရမှာပေါ့။ အကျဉ်းထောင်အုပ်ချုပ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအပေါ်မှာ တစုံတရာထိပါးလာ ရင် ထိပါလာတဲ့ အကျဉ်းသားအချုပ်သားကို သီးခြားခွဲထိန်းသိမ်းတာမျိုး အရေးယူတာမျိုး ဒါဆောင်ကိုဆောင်ရွက်ရပါတယ် ဒါတပိုင်းပါ။ နောက်တပိုင်းကတော့အဲလိုလုပ်တာမှာ အဲဒါကဥပဒေနဲ့အညီဖြစ်လား။ မြန်မာနိုင်ငံအကျဉ်းထောင်စနစ်မှာ ၁၈၉၄ခုနှစ် အကျဉ်းထောင် များအက်ဥပဒေ၊ ၁၈၉၄ခုနှစ် အကျဉ်းထောင်လက်စွဲအက်ဥပဒေ ၁၈၉၄ ခုနှစ်အကျဉ်းသားမျာအက်ဥပဒေ အဲ ၃ရပ်ကတည်နေဆဲဖြစ်ပါတယ်။ အဲ ဥပဒေတွေမှာ အကျဉ်းသားအချုပ်သားတွေအပေါ်မှာ အနိုင်အထက်ပြုဖို့ မတော်မတရားပြုဖို့နှိပ်စက်ညှင်းပန်းဖို့ ရိုက်နှက်ဖို့ ပြထားတာ တခုမှမရှိပါဘူး.ဥပဒေထပ်ကျော်လွန်ဆောင်ရွက်တာကိုဆန့်ကျင်ဆန္ဒပြသူတွေကို အခုလိုတရားစွဲဆိုပြီး ထောင်ဒဏ်တွေ ထပ်တိုးချတာဟာ မှန်သလား ဆိုတော့မမှန်ပါဘူး။ ဒီလိုဘဲမြင်ပါတယ်။"

နိုင်ငံရေးအကျဉ်းသားများကွန်ယက် AAPP ထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့နေ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ မေ ၂၆ ရက်အထိ ၃နှစ်ကျော် ကာလအတွင်း အရပ်သားပြည်သူ အယောက် ၂၇,၀၀ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဒီထဲကနေ အယောက် ၉,၀၀၀ကျော် ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP စာရင်းတွေကချဲ့ကားထားတဲ့စာရင်းဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG