သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြမှုနဲ့ပစ်ခတ်မှု စုံစမ်းအရေးယူနေ 


မြစ်ကြီးနားအကျဥ်းထောင် (ယခင်မှတ်တမ်းဓာတ်ပုံ)
မြစ်ကြီးနားအကျဥ်းထောင် (ယခင်မှတ်တမ်းဓာတ်ပုံ)

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်တယ်ဆိုတဲ့ အကျဉ်းသား ၁၉ ဦးကို ထောင်တွင်းအပြစ်ပေးအရေးယူထားသလို နောက်ထပ် ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိပစ်ခတ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အကျဉ်းဦးစီးအရာရှိတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း ဆန္ဒပြခဲ့တာပါ။ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းတာကြောင့် ကနဦးမှာ အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတဦးလည်း ဆေးကုသမှုခံနေစဉ်မှာ ထပ်မံသေဆုံးခဲ့ရပါတယ်။

ဒီဖြစ်စဉ်ရဲ့နောက်မှာ အခုလိုထောင်ဆူပူမှု ၊ ကျည်အစစ်နဲ့ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးနေတယ်လို့ ထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းစစ်ဆေးရာမှာ ဆန္ဒပြမှုဖြစ်စဉ်မှာပါဝင်တယ်လို့ သတ်မှတ်ခံရတဲ့ အကျဉ်းသား ၁၉ ယောက်ကို တိုက်ပိတ်တာအပြင် ထောင်ဝင်စာပစ္စည်းပို့ခွင့်၊ လူတွေ့ ခွင့် ပိတ်ပင်လိုက်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"ဒီထဲ နိုင်ကျဉ်းဘယ်လောက်ပါလဲ မသိရသေးဘူး။ ၁၉ ဦးတော့ ကျနော်တို့ confirm (အတည်ပြု) လုပ်နိုင်တယ်။ အရေးယူဆောင်ရွက်မှာတွေက ဘယ်လို အရေးယူဆောင်ရွက်မလဲတော့ မသိရသေးဘူး။ ခုက တိုက်ပိတ်ခံထားရတာဖြစ်တဲ့အတွက်ပေါ့။ ထောင်တွင်းသဘောတရားအရကတော့ ဆန္ဒပြတာဖြစ်ဖြစ်၊ အဓိကရုန်းပဲဖြစ်ဖြစ်- အဲနောက်ဆက်တွဲ ပါဝင်တယ်လို့ယူဆရသူတွေကို ထောင်ပြောင်းရွှေ့တာ၊ ထပ်တိုးပြစ်ဒဏ် အနည်းဆုံး ၆ လချတာတော့ရှိတယ်။ ဒီ ၁၉ ဦးကိုတော့ ဘာတွေထပ်လုပ်မယ် မသိရသေးဘူးဗျ။"

ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးခဲ့သူ ၄ ဦးထဲမှာ ၂ ဦးက နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ကျန် ၂ ဦးကတော့ ရာဇဝတ်အကျဉ်းသားတွေ ဖြစ်ကြပါတယ်။ သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၂ ဦးကတော့ ကိုအောင်နိုင်ထွန်းနဲ့ ကိုကျော်စိုးဝင်း ဖြစ်ပါတယ်။ သူတို့ဟာ ပုဒ်မ ၅၀၅-က၊ လက်နက်မှု ၁၉(စ)၊ အကြမ်းဖက်ပုဒ်မ ၅၄ တို့နဲ့အကျဉ်းကျခံထားရတာဖြစ်ပါတယ်။ ကျန်ရာဇဝတ်အကျဉ်းသား ၂ ဦးကတော့ ဦးထွန်းဝင်းနဲ့ ဦးညွှန့်ဌေး တို့ ဖြစ်ပါတယ်။ သူတို့တွေကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး ဆေးကုသနေစဉ် သေဆုံးသွားသူကတော့ ယိန်းဘောမ် ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ အကျဉ်းသားအယောက် ၃၀ နီးပါးထိခိုက်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေသူတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ၅ ဦးထက်မနည်း အတွင်းလူနာအနေနဲ့ ဆေးကုသမှုခံယူနေရပါတယ်။ ဒီလူတွေကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးဝါးကုသမှု အခြေအနေအသေးစိတ်မသိရတာမို့ စိတ်ပူရမယ့်အနေအထားဖြစ်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"ဆေးဝါးကုသမှုခံနေရသူ ၅ ယောက်မှာ နိုင်ကျဉ်းဘယ်လောက်ပါလဲဆိုတာ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ဒီ ၅ ဦးကတော့ ခုချိန်ထိ အကျဉ်းထောင်ထဲ ပြန်လည်ရောက်ရှိတာမရှိသေးပါဘူး။ သူတို့တွေ ဘာဆက်ဖြစ်နေလဲဆိုတာဆက်ပြီးမှ ကျနော်တို့ဖော်ထုတ်နိုင်ဖို့ကြိုးစားနေတယ်။ အဲ ၅ ယောက်က ပြန်မရောက်သေးတာတော့ အတည်ပြုလို့ရပါတယ်။"

အမည်မဖော်လိုသူ အကျဉ်းထောင်နဲ့နီးစပ်သူတဦးအဆိုအရ မြစ်ကြီးနားဆေးရုံမှာဆေးဝါးကုသနေသူတွေမှာ ဝမ်းဗိုက်မှာ ကျည်ရှပ်ထိတာ၊ ခြေထောက်တွေမှာ ကျည်ရှပ်ထိသူတွေ ဖြစ်ပြီး လက်ရှိချိန်ထိ ဆေးရုံမှာပဲရှိသေးတယ်လို့ ပြောပါတယ်။ စစချင်းဖြစ်ချိန်မှာ မြစ်ကြီးနားဆေးရုံကို ၈ ဦးထက်မနည်း ရောက်လာခဲ့ပြီး မြစ်ကြီးနားဆေးရုံမရောက်လာခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကနဦးခေါ် ယူခဲ့တယ်လို့ သူကပြောပါတယ်။ နောက်ပိုင်းမှသာ မြစ်ကြီးနားဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ ဆေးရုံရောက်လာတဲ့သူတွေထဲ ၂ ဦးကတော့ သက်သာလာလို့ အကျဉ်းထောင်ကို ပြန်ခေါ်သွားတယ်လို့သူကပြောပါတယ်။

ဒီဆူပူမှုဖြစ်စဉ်မှာ ကျည်အစစ်နဲ့ ပစ်ခွင်းတဲ့အတွက်လည်း ထောင်ဝန်ထမ်း ၈ ဦးထက်မနည်းကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"မြစ်ကြီးနားအကျဉ်းထောင်က ထောင်ပိုင်လေး၊ ထောင်ဆရာဝန်နဲ့ ဝန်ထမ်း ၅ ဦးလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတာတော့ရှိတယ်။ အဓိက,ကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ အကြမ်းဖက်ဖြိုခွင်းမှုကို အဓိကဦးဆောင်တယ်ဆိုတဲ့ထောင်ပိုင်လေးကို အဲခေါင်းစဉ်နဲ့ပေါ့။ နောက် ကျန်တဲ့ထောင်ဆေးရုံဝန်ထမ်းတွေနဲ့ ထောင်ဆရာဝန်တွေကိုလည်း ပူးပေါင်းပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်ပေါ့။အဲမှာ "လူတွေသေဆုံးမှု ဖြစ်လောက်အောင်" ဆိုတဲ့အကြောင်းပြချက်တွေနဲ့တော့ ကနဦး ဖမ်းဆီးထားတယ်လို့သိရတယ်။ သေဆုံးမှုဖြစ်စဉ်ဖြစ်တဲ့ခါမှာ ဦးဆောင် တဲ့သူ ပစ်ခတ်တဲ့သူ ပါဝင်ခဲ့တဲ့သူတွေကိုတော့ စစ်ကောင်စီဘက်က အရေးယူပြတယ်ဆိုတာမျိုး၊ ဖမ်းထားတာမျိုး ကျနော်တို့တွေ့ရတယ်။ ဒါကလည်း စစ်တပ်နဲ့ရဲက သူတို့ကျူးလွန်မှုတွေကို သူတို့ထက်အဆင့်နိမ့်တဲ့ ပြည်တဲရေးမှာတောင် အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေ ကို ပုံချတယ်လို့ ကနဦး သုံးသပ်ထားတယ်။"

ဒီလူတွေကို စစ်ဆေးနေတာနဲ့ပတ်သက်လို့ ဘယ်လိုပုဒ်မတပ်ပြီး အရေးယူမလဲမသိရသေးပေမယ့် လက်ရှိမှာ ဒီလူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အကျဉ်းသားများကိုခေါ်ယူစစ်ဆေးပြီးနောက် အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေကို အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကလည်း အတည်ပြုပြောဆိုပါတယ်။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦးသာပါဝင်ပါတယ်။ ဒီထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပြန်လွှတ်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားခဲ့တာပါ။ ငြိမ်းချမ်းရေးအတွက်ပါဝင်ဖို့ ပြန်လည်ခေါ်ယူစကားပြောတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG