ရခိုင်မှာ စစ်တပ် လေကြောင်းအဓိကသုံး တိုက်ခိုက်

စစ်ရဟတ်ယာဉ်တစီးအနီးတွေ့ရတဲ့ မြန်မာစစ်သားများ (အောက်တိုဘာ ၁၃၊ ၂၀၁၆)

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ဘက်မှာလည်း လေကြောင်းကို အဓိကသုံးပြီး တိုက်ခိုက်နေပါတယ်။ အခုရက်ပိုင်း အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဂွနဲ့ မောင်တောမြို့နယ်တွေပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာရနေပါတယ်။ စစ်ပွဲတွေ မရှိသေးတဲ့ မြို့နယ်တွေမှာတော့ စစ်တပ်ဘက်က စစ်ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား နှစ်ဘက်တိုက်ပွဲတွေ ဒီရက်ပိုင်း သိပ်ပြင်းပြင်းထန်ထန်ဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီဘက်က မြို့နယ်တော်တော်များများအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သံတွဲမြို့နယ်က ကျေးရွာတချို့ ကိုလေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတချို့ရှိသလို အမ်းမြို့ နယ်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တယောက်က ဗွီအိုအေကို ပြောပါတယ်။

“တောင်ပိုင်းဂွနဲ့ သံတွဲဘက်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်၊ ဟိုတလောက ဆိုရင် သံတွဲမြို့နယ် ပေါက်တော ကျေးရွာချောင်းဖျားဘက်ကို လာပစ်လို့ လူသေသွားတာတွေရှိတယ်။ အမ်းဘက်မှာတော့ တိုက်ပွဲ တစုံတရာ ဖြစ်တာမရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီရဲ့ နပခ ဌာနချုပ် စခန်းတွေက အတွဲလိုက် ၁၂ လုံးရော့ကဒ်တွေနဲ့ ပစ်တယ်၊ ပြီးတော့ လက်နက်ကြီး အထိုင်ချထားတဲ့ စခန်းတွေကနေ အဲဒီကလည်းနေရာစုံကို လှမ်းပစ်နေတယ်၊ AA ရှိမယ်လို့ ထင်တဲ့နေရာတွေကိုပေါ့။”

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁ဝ ခုနဲ့ တပ်စခန်းတော်တော်များများကို AA ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ စစ်တပ်ဘက်က မြေပြင်တိုက်ပွဲတွေထက် လေကြောင်းကိုအဓိကထားပြီး တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တွေမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေကို ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတချို့ သေဆုံးထိခိုက်ဒဏ်ရာရ တာတွေရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

“စစ်ကောင်စီဘက်က တရားဝင်ပြောထားတာပေါ့နော် ရန်နိုင်မင်းဆိုတဲ့ လေကြောင်း စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ စကားနဲ့အညီ ရခိုင်ပြည်နယ်က မောင်တောရယ် ပေါက်တောရယ် တိုက်ပွဲမရှိတဲ့ စစ်တွေ မြို့နယ် ပတ်ဝန်းကျင်တွေရယ် သံတွဲ နဲ့ ဂွမြို့နယ် ဘက်တွေကို သူတို့က အကုန်လုံးလေကြောင်းနဲ့ ပစ်တာတွေ အသေအပျောက်တွေ အများကြီးရှိတယ်၊ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ တချို့နေရာတွေက သူတို့ လေကြောင်းက ပစ်ထားခဲ့တယ် ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းမရတဲ့ အခါမှာ သေတဲ့ သူတွေ ဒဏ်ရာရတဲ့ သူတွေကို မသိနိုင်ဘူးလေ၊ အဲတာတွေလည်းအများကြီးရှိတယ်ဗျ။”

အာရက္ခတပ်တော် AA အနေနဲ့ သံတွဲမြို့နယ်ကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဂွနဲ့ မောင်တောမြို့နယ်တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဒါပေမယ့်လည်း တခြားသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုလည်း ဝန်းရုံပိတ်ဆို့ထားတယ်လို့ AA ဘက်ကပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေမှာ စစ်အင်အားဖြည့်တင်းတာတွေ မြို့ပြင်မှာ ခြံစည်းရိုးကာရံတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အထူးသဖြင့် စစ်တွေမြို့နယ်မှာဆိုရင် ကမ်းနားလမ်းတလျှောက်ကို ခြံစည်းရိုးကာရံထားသလို ထောင်ချီတဲ့ လုံခြုံရေးတွေချထားတယ်လို့လည်း မြို့ခံတဦးကပြောပါတယ်။

“ အခုလက်ရှိမှာတော့ စစ်တွေ ဆိပ်ကမ်း ကမ်းနားလမ်း၊ ပြီးတော့ စစ်တွေ မြို့ထဲတလျာက် ဆိုရင် လုံခြုံရေး အင်အား၊ တထောင်လောက် ချထားတယ်လို့ ပြောတယ်၊ ခြံစည်းရိုးကာတာ လည်းပြီးသွားပြီ၊ ပြီးတော့ အဲဒီဘက်တွေကို လူတွေ သွားလို့မရတော့ဘူး၊ လုံခြုံရေး အပြည့် ချထားတယ် စစ်တွေ ဟိုတည်ဘက်ကို သွားလို့ကိုမရတာ စစ်သားရော ရဲသားရောရှိတယ်။”

စစ်တွေမြို့အနီးအနားကျေးရွာတချို့က ဒေသခံတွေကိုတော့ မြို့တွင်းကို အတင်းရွှေ့ပြောင်းခိုင်းတာတွေရှိသလို ဖမ်းဆီးစစ်ဆေးနေ တာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

“ရွှေပြည်သာရယ် ကျေးတော ရွာမရယ် ကျေးတော ပိုက်ဆိပ်ရယ် အဲဒီသုံးရွာပေါင်း လူ ၉ဝဝ လောက်က မြို့ထဲဝင်သွားပြီ အဲလူတွေ ဘယ်မှာနေလဲ ဆိုတော့ အခုလက်ရှိ ပြည်တော်သာ ကန်တော်ကြီးနား ဘုန်းကြီးကျောင်းတဝှိုက်မှာ နေကြတယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ်နေရတာ ကိုယ့်ပါကို ကြိုက်တဲ့နေရာမှာနေ နေချင်တဲ့ နေရာမှာနေအဲလိုမျိုး အဓိကတော့ ဘုန်းကြီးကျောင်းတွေမှာ နေရတယ်ပေါ့ ရွာကတော့ အကုန်ထွက်ရတယ်ပေါ့။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာ အခုဆိုရင် ၁ဝ လကျော်အထိ ရှိလာပြီးဖြစ်သလို တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု တွေလည်းတိုးလာနေပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး စစ်ဘေးဒုက္ခသည်မှာ စားဝတ်နေရေး ၊ကျန်းမာရေး ၊ပညာရေး စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Your browser doesn’t support HTML5

ရခိုင်မှာ စစ်တပ် လေကြောင်းအဓိကသုံး တိုက်ခိုက်