ဆီးရီးယား သူပုန်အဖွဲ့တွေထဲက သြဇာအကြီးဆုံး သူပုန်အဖွဲ့တခုရဲ့ ခေါင်းဆောင် Zahran Alloush ဟာ ဆီးရီးယားမြို့တော် Damascus ဆင်ခြေဖုံး လေကြောင်း တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပါတယ်။ Army of Islam တပ်ဖွဲ့ကို ထူထောင်သူ Zahran Alloush ဟာ အဖွဲ့ရဲ့ ဌာနချုပ်ရှိရာ အရှေ့ Ghouta ဒေသကို ပစ်မှတ် ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား သူပုန်တွေကရော အစိုးရကပါ သောကြာနေ့မှာ ပြောပါတယ်။
Alloush သေဆုံးရတာဟာ အတိုက်အခံ လက်နက်ကိုင်အဖွဲ့ အတွက် နစ်နာစေပြီး လာမယ့် ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ကျင်းပမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်တွေမတိုင်ခင် သမ္မတ Bashar al-Assad ကို အားဖြည့်ပေး ရာရောက်နေပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကနေ အဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တွေပါ သေဆုံးခဲ့ရတာပါ။ ဒါဟာ ကုလသမဂ္ဂက ဆီးရီးယား ငြိမ်းချမ်းရေးအတွက်လမ်းကြောင်းပေးတဲ့ ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ပြီး ရက်သိပ်မကြာခင်မှာ ဖြစ်ပွါးခဲ့တာပါ။
The Army of Islam အဖွဲ့ဟာ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ကို အိုင်အက်စ် အဖွဲ့လို သိပ်အစွန်းရောက်တဲ့ အဖွဲ့နဲ့ သိပ်မကွာတဲ့ အကြမ်းဖက်အဖွဲ့၊ ဂိုဏ်းဂဏကွဲတခု အဖြစ် ဆီးရီးယား အစိုးရကရော သူ့ရဲ့ သြဇာကြီးတဲ့ မဟာမိတ် ရုရှားတို့က ရှုမြင်ကြတာပါ။ အတည်မပြုရသေးတဲ့ ကနဦး သတင်းတွေ အရဆိုရင်တော့ ဒီလေကြောင်းတိုက်ခိုက်မှုကို လုပ်တာဟာ ရုရှားလေယာဉ်တွေလို့ ဆိုပါတယ်။
ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားက ဆီးရီးယားမှာ လွန်ခဲ့တဲ့ ၃ လ လေကြောင်း စစ်ဆင်ရေးတွေ စတင်ခဲ့ချိန်က စပြီး သူပုန်အဖွဲ့ ခေါင်းဆောင် အများအပြား ကို သတ်ပစ်ခဲ့တာပါ။
ဆီးရီးယား အစိုးရ စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကလည်း အာဆတ်အစိုးရရဲ့ အမာခံနယ်ဖြစ်တဲ့ Damascus ရဲ့ ဆင်ခြေဖုံးက အတိုက်အခံတွေ ခြေကုပ် ယူထားတဲ့ နေရာတွေကို မကြာမကြာ ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။
စနစ်တကျ လေ့ကျင့်ထားတဲ့ တပ်သား ထောင်နဲ့ချီရှိတဲ့ Army of Islam လို့ခေါ်တဲ့ အစ္စလန်တပ်ဖွဲ့ ဟာ ဆီးရီးယားသူပုန်အဖွဲ့တွေထဲမှာ စံနစ်အကျဆုံးနဲ့ အကြီးဆုံး အဖွဲ့တွေထဲက တဖွဲ့လို့ သတ်မှတ်ကြတာပါ။