ထိုင်းရေဘေးသင့်မြန်မာတွေ ငွေညှစ်ခံရ

ထိုင်းရေဘေးကြောင့် ရွှေ့ပြောင်းနေရသူများ။

ထိုင်းနိုင်ငံမှာ နှစ် ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုနဲ့ရင်ဆိုင်နေရတာကြောင့် မြန်မာနိုင်ငံကနေ အလုပ်သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ကိုယ့်နေရပ်တွေဆီ ပြန်လာနေကြရပါတယ်။ အဲဒီလို ရေဘေးဒုက္ခသင့်ထားတဲ့အလုပ်သမားတွေဟာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးတွေက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အဝင်မှာဖမ်းတာ၊ ကိုယ့်နိုင်ငံဘက်ခြမ်း၊ မြဝတီမြို့ရောက်ပြန်တော့လည်း နယ်ခြားစောင့်တပ်တွေ၊ မြန်မာတာဝန်ရှိသူတွေက ငွေညှစ်တာတွေကို ခံရပြီးတော့ ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ရေဘေးဒဏ်ကြောင့် စားစရာမရှိ ဖြစ်ရပြီး အသက်အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဒီရက်ပိုင်းအတွင်း မြဝတီမြို့ကို နေ့စဉ် ထောင်နဲ့ချီပြီး ပြန်လာနေကြတာပါ။

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက အာဏာပိုင်တွေ အပါအဝင် နယ်ခြားစောင့်တပ်တွေက ရေဘေးဒုက္ခ ကြုံရသူတွေကို အကူအညိမပေးတဲ့အပြင် အတင်းအကြပ်ငွေတောင်းခံတာ၊ နယ်ခြားစောင့်တပ် ရန်ပုံငွေ စီဒီခွေတွေရောင်းတာတွေကို အတင်းအကြပ် လုပ်ဆောင်နေပြီး ငွေမပေးနိုင်ပါက ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ မြဝတီမြို့ခံတဦးပြောပြတာကတော့-

“သူတို့က ပိုက်ဆံနဲ့ လာပြီးတော့ ရွေးသွားတာ မရှိလို့ရှိရင် အဲဒီနေရာကနေ ဘယ်မှ မသွားရဘူး။ ဘန်ကောက်ကနေ ပြန်လာတဲ့သူက ၂၃၀၀ ပေးရတယ်။ ဒီမှာ သူတို့ရဲ့အခွေရောင်းတယ်။ နောက်ပြီးတော့ ဂိတ်တွေကဆိုလို့ရှိရင်လည်း ဘတ် ၅၀ တခါ တောင်းတယ်။ ရန်ပုံငွေပုံစံမျိုး တခါ ထပ်တောင်းတယ်။ ၂၅၀၀ လောက်ကုန်တယ်။ အားလုံးဆိုရင်။ ၉ သုံးလုံးဂိတ်ထဲမှာ ပွဲစားတွေဆီကနေ တခြားဘယ်မှ မသွားရဘူး။ လူဦးရေ ၂ ထောင် ကျော်ကျော်လောက်တော့ ရှိမယ်။ အဲဒါတွေကို မပေးနိုင်လို့ရှိရင် ဒီစစ်ဆေးရေးဂိတ်တွေက ပြန်မလွှတ်တဲ့ပုံစံမျိုးနဲ့ အဲဒီမှာ ထားပြီးတော့ ထမင်းလည်း ပေးငတ်ထားတယ်။ အဲဒီလိုမျိုးတွေရှိတယ်။ ရေဘေးဒဏ် ခံရတဲ့သူတွေက ဘာပြောလဲဆိုတော့ ထိုင်းနိုင်ငံမှာ ရေနစ်လို့ ဗမာပြည်ကို ပြန်လာတယ်တဲ့။ ရေနစ်လို့ မသေဘူး။ ဒီရောက်တော့မှ ငွေညှစ်လို့သေမယ်တဲ့”

စားဝတ်နေရေးကြပ်တည်းလွန်းတဲ့အတွက် ပြည်ပနိုင်ငံတွေမှာ အလုပ်လာလုပ်ကြရပြီး ရေဘေးသင့်တဲ့ အခါ နေရပ်ရင်းကို ပြန်လာသူတွေအနေနဲ့ ငွေကြေးခက်ခဲနေချိန်မှာ မြဝတီမြို့က နယ်ခြားစောင့် တပ်ဖွဲ့တွေ အပါအဝင် အဖွဲ့ပေါင်းစုံ ပွဲစားအုပ်စုတွေက လူတွေကို အတင်းအကြပ် ငွေကြေးကောက်ခံနေတာဖြစ်ကြောင်း ကိုယ်တိုင်တေ့ွကြုံရသူ တဦးကလည်း ပြောပြပါတယ်။

“၉ သုံးလုံးဂိတ်မှာ အဆိုးဆုံးပဲ။ လူပွဲစားကလည်း တော်တော်များတာ။ ရေလာရောင်းတဲ့သူလည်း ရှိတယ်။ ရေတဗူးကို ၅၀၀။ နောက်ပြီးတော့နှာခေါင်းပိတ်တဲ့ဟာလည်း သူတို့က အတင်းပဲ လာရောင်းတယ်။ ဘတ် ၂၀ မပေးနိုင်ရင်လည်း မဖြစ်၊ ၁ သောင်း တောင်းတဲ့သူလည်းရှိတယ်။ ၁ သောင်း၊ ၅ ထောင် တောင်းတဲ့သူလည်း ရှိတယ်။ တလမ်းလုံးတောင်းတယ်။ ဂိတ်တွေက သုံးလေး ငါးဆယ် ရှိတယ်။ ဂိတ် ၅၀-၆၀ လောက် ရှိတယ်။ ဖားအံ့နဲ့ မြဝတီကို။ ဘာအကောက်၊ ဘာအခွန်လဲ၊ မသိတော့ဘူး”

မြန်မာအစိုးရအနေနဲ့နယ်ခြားစောင့် တပ်ဂိတ်တွေဖြစ်တဲ့ ၉ သုံးလုံးဂိတ်၊ တပ်မဟာဂိတ်တွေမှာ ပွဲစားတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး လူတွေကို ကုန်ကူးနေတာ၊ ငွေကြေးတောင်းခံနေတာတွေကို မျက်ကွယ်ပြုထားတာ ကြာပြီဖြစ်ပါတယ်။

အခုလို ရေဘေးသင့်နေသူတွေ ပြန်တဲ့အခါမှာ မြန်မာအစိုးရအနေနဲ့ အကူအညီပေးတာ မလုပ်နိုင်ရင်တောင် ရေဘေးသင့် မြန်မာတွေ နေရပ်ရင်းပြန်တာကို ဖမ်းဆီး ငွေညှစ်တောင်းခံမူတွေ လုပ်နေတာဟာ အရုပ်ဆိုးကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။