မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတချို့ အနည်းငယ်ရှိလာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်အတွင်း - မြန်မာအစိုးရဘက်က ဒိထက်ပိုပြီး တိုးတက်အောင် လုပ်ပြဖို့ လိုမယ်လို့ မြင်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလို - ခိုင်မာတဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ လိုမယ်ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ သံတမန်တွေက ပြောဆိုနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။
နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက် တဲ့အထိ ဆက်ဆံရေးတိုးတက်လာပေမဲ့လည်း ဒီထက်ရှေ့ဆက်နိုင်ဖို့အတွက် - သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာမျိုးလို အဓိကကျတဲ့ကိစ္စကို လုပ်ပြဖို့လိုတယ်ဆိုပြီး ပြောဆိုနေတာဖြစ်ပါတယ်။ ဒီလဆန်းပိုင်းကပဲ အစိုးရကနေ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်ခဲ့ပြီးတဲ့နောက် ပါတီမှတ်ပုံ ပြန်တင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလည်း - ဝန်ကြီး ကလင်တန်နဲ့ တွေ့ဆုံတဲ့အခါ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အဓိက ဆွေးနွေးပြောဆိုသွား ဖို့ရှိတယ်လို့ ပြောပါတယ်။
“ သူတို့အားလုံးက လွှတ်သင့်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ခြင်းအားဖြင့် တိုင်းပြည်အတွက်ရော အစိုးရ အတွက်ရော အကျိုးရှိနိုင်ပါတယ်ဆိုတာကို ကျနော်တို့ ပြောသွားမှာပါ”
ဒါပေမဲ့လည်း အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်မလွှတ်ပေးသေးတာဟာ အစိုးရအနေနဲ့ တဆင့်ပြီးတဆင့် အပြောင်းအလဲ လုပ်နေပေမဲ့ ဒီပြောင်းလဲမှုဖြစ်စဉ်ဟာ နှေးကွေးနေသေးတာဖြစ်နိုင်တယ်လို့လည်း NLD က သုံးသပ်ပါတယ်။ တခါ ရခိုင်အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ဝန်ကြီးကလင်တန်နဲ့ တွေ့ဆုံဖို့ရှိပြီး - သူ့အနေနဲ့ ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင် - မြန်မာ့ နိုင်ငံရေးမှာ အဖုအထစ်ဖြစ်နေဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့အတူ - အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“တိုင်းရင်းသားရေးရာကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခကိစ္စအပါအဝင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတဲ့ ကိစ္စလေးတွေကို ကြုံရင်ကြုံသလို မိမိဒေသနဲ့ယှဉ်ပြီး တင်ပြကြရမှာပေါ့။ တချက်လေးပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ဒီဘက်ကလည်း လွှတ်ပေးရမယ်လေ။ လွှတ်ဖို့လည်း နိုင်ငံတော်အစိုးရကို ကျနော်တို့က တိုက်တွန်းမယ်။ အဲသလိုပဲ ဒီဟာနဲ့ဆက်နွယ်နေတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေကိုလည်း ကျနော်တို့က မေတ္တာရပ်ခံပေးရမှာပေါ့။ အမတ်တဦးအနေနဲ့လေ”
ဒါ့အပြင် ဒီလို အမေရိကန် နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတဲ့အခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် - သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံသားအကျဉ်းသားလွှတ်ပေးတာမျိုးလို ဒီမိုကရေစီနိုင်ငံအတွက် အဓိကကျတဲ့ ကိစ္စကို လုပ်ပြဖို့လိုတယ် ဆိုပြီးတော့ - ရန်ကုန် - အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် အမှုထမ်းခဲ့သူ သံတမန်ဟောင်း ပရစ်စီလာ ကလပ် ကလည်း ပြောပါတယ်။
“ ရာထောင်ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတုန်းပဲ ဆိုတဲ့ အချက်ကလည်း ရှိနေပါတယ်။ နေပြည်တော်ကလူတွေလည်း ဒါကို သတိထားမိပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်မချင်း ဆက်ဆံရေးမှာ နောက်ထပ် တိုးတက်မှုတွေရဖို့ အဟန့်အတား ဖြစ်နေလိမ့်ဦးမယ် ဆိုတာကိုလည်း သူတို့အနေနဲ့ ကောင်းကောင်း သိထားတယ်လို့ ကျမထင်ပါတယ်”
အမေရိကန်အစိုးရရဲ့ - မြန်မာအစိုးရနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေး မူဝါဒအရ - မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို သွားရောက် လေ့လာ အကဲခတ်ဖို့ သွားရောက်မယ့် ဝန်ကြီး ကလင်တန်ရဲ့ ဒီခရီးစဉ်အတွင်းမှာ - မြန်မာအစိုးရအနေနဲ့ နောက်ထပ် အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း - အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း မစ္စစ် ပရစ်စီလာ ကလပ် က -
“ သူ့အနေနဲ့ ၂ နိုင်ငံ ဆက်ဆံရေးမှာ ကျန်နေသေးတဲ့ အဟန့်အတားတွေကို ဆွေးနွေးသွားမှာကတော့ သေချာပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အမေရိကန်ပြည်ထောင်စုက ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်”
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် - အမေရိကန်အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေက မြန်မာအစိုးရအပေါ် စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့အမျှ ဒီအရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်ဘက်က ရုပ်သိမ်းပေးဖို့ကို မျှော်လင့်နေတာပါ။ ဒီအခြေအနေမှာ NDF အမျိုးသားဒီမိုကရေစီအင်အားစုကတော့ -
“အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အပြုသဘောဆောင်တဲ့ဟာတွေ ဖြစ်ပေါ်လာပြီလို့ အပြောင်းအလဲတွေရှိလာပြီလို့ မြင်ရလို့ ကြိုဆိုတဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်ဆိုင်ရာ အမေရိကန်သံတမန်ကိုလည်း ထားသင့်ပြီလို့ အယူအဆတွေကို ကျနော်တို့ ပြောပါတယ်။ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေကို အကျိုးမဖြစ်ဘူးလို့ ခင်ဗျားတို့သိနေပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ့ထက်ပိုပြီး ပြောင်းလဲမှုတွေ လျှင်မြန်လာအောင် တွန်းအားပေးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေထဲက တစချင်း တစချင်း ရုပ်သိမ်းသွားဖို့ကို စဉ်းစားသင့်ဖို့ အချိန်တန်ပါပြီလို့ ကျနော်တို့ စကားလက်ဆောင်ပါးလိုက်ပါတယ်”
နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားရောက်မယ့် ဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်မှာ - အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner)၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်မစ်ချဲလ် (Derek Mitchell)၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခဒ့် ကမ့်ဘဲ (Kurt Campbell) တို့လည်း သူမနဲ့အတူ လိုပါသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ နေပြည်တော်မှာ အစိုးရဝန်ကြီးတွေအပြင် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး - ၂ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်ရှင်။