၂၀၁၀ နိုဝင်ဘာလ ၁၀ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အာကာသဓါတ်ခွဲခန်းကို စတင်အသုံးပြုတာ ၁၀နှစ်ပြည့်တဲ့ နေ့ပါ။ တည်ဆောက်မှုအားလုံးလည်း အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကို ၁၉၉၈ခုနှစ်မှာ အမေရိကန်အာကာသ လေ့လာရေးအဖွဲ့ နာဆာ NASA က လွန်းပျံ အာကာသယာဉ် ကိုအသုံးပြုပြီး စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ရင်းနဲ့ အာကာသ ပတ်ဝန်းကျင်ကို အသုံးပြုပြီး သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ရှာဖွေစုဆောင်းခဲ့ကြတာပါ။
ကမ္ဘာပေါ်က အာကာသစူးစမ်းရေးအဖွဲ့ ၁၅ခုက သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ စုပေါင်းပြီး ကမ္ဘာမြေ မျက်နှာပြင် အထက် မိုင် ၂၂၀ လောက်မှာ ဒီစခန်းကို တည်ဆောက်ကြတာပါ။ အမေရိကန်ကနာဆာ၊ ရုရှားက Russian Federal Space Agency အာကာသ အေဂျင်စီ၊ ကနေဒါနိုင်ငံ Canadian Space Agencyနဲ့ ဂျပန် က Aerospace Exploration Agency တွေအပြင် ဥရောပနိုင်ငံပေါင်း ၁၁နိုင်ငံဖြစ်တဲ့ ဘယ်လ်ဂျီယမ်။ ဗြိတိန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ နယ်သာလန်၊ နော်ဝေး၊ စပိန်၊ ဆွီဒင်နဲ့ ဆွစ်ဇလန်တွေပါတဲ့ ဥရောပ အာကာသ အေဂျင်စီ တွေပါဝင်တာမို့ နိုင်ငံတကာ အာကာသစခန်း လို့ခေါ်တာပါ။
ဒီအာကာသစခန်းဓါတ်ခွဲခန်းတွေမှာ သက်ရှိဇီဝပြောင်းလဲမှုတွေ၊ ဆေးပညာ၊ စက်မှုပညာ၊ ရူပဗေဒ၊ ဓါတုဗေဒပညာ၊ မိုးလေဝဿနဲ့ ဇလဗေဒဆိုင်ရာ၊ ပုံဆောင်ခဲဖြစ်ပေါ်မှု ဆိုင်ရာ စမ်းသပ်မှုမျိုးစုံကို လုပ်ခဲ့ပါတယ်။ ဂြိုဟ်တုတွေကို အသုံးပြုတဲ့နေရာမှာ လိုအပ်ချက် တွေကို စမ်းသပ်ကြသလို၊ ကမ္ဘာအထက် မိုင်၂၀၀ ကနေ အသေးစိတ် ကောင်းကင်ဓါတ်ပုံ ရိုက်လေ့လာမှုတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒါ့ပြင် ကမ္ဘာမြေပေါ်က ကျောင်းသူ ကျောင်းသားတွေအတွက် အပတ်စဉ် အစီအစဉ်တွေလည်း ချပြီး သင်ကြား ပေးပါတယ်။
အင်္ဂါဂြိုဟ်လို ကမ္ဘာ့ဆွဲအား ကင်းမဲ့တဲ့ တခြားဂြိုဟ်တွေကို လူတွေသွားဖို့ စဉ်းစားနေတာမို့ လူတွေရှင်သန် နေထိုင်နိုင်မယ့် စမ်းသပ်မှုတွေကို ဆွဲအားကင်းမဲ့တဲ့ အာကာသ စခန်းမှာအရင်လုပ်နေတာဖြစ်ပါတယ်။
နိုင်ငံတကာ အာကာသစခန်းရဲ့ သက်တမ်းကို နှစ် ၂၀ သတ်မှတ်ထားတာမို့ နောက်ထပ် ဆယ်နှစ်လောက် အနဲဆုံး ထပ်သုံးလို့ ရဦးမှာဖြစ်ပါတယ်။ နောက်ပိုင်း မသုံးတော့ဖို့ ဆုံးဖြတ်ချိန်မှာ စခန်းထဲက သုံးလို့ရတဲ့ ပစ္စည်းတွေကို ကမ္ဘာမြေပြင်ကို ပြန်သယ်လာမှာ ဖြစ်သလို အာကာသစခန်းကိုလည်း ကမ္ဘာ့ကိုပြန်ယူလာပြီး လူသူကင်းဝေးတဲ့ သမုဒ္ဒရာထဲ ပျက်ကျစေဖို့ စီစဉ်ထားပါတယ်။