မြန်မာနဲ့ ကမ္ဘာ့ဘဏ် တကျော့ပြန် ဆက်ဆံရေး

ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အသိုင်းအဝိုင်းက အခုအခါ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံလာကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာက စီးပွားရေး အဖွဲ့အစည်းတွေ ပြန်လည် ထိတွေ့ ဆက်ဆံတာတွေလည်း ရှိလာကြပါတယ်။ အခုနောက်ဆုံးမှာ ဆိုရင်လည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း တခုဖြစ်တဲ့ ကမ္ဘာ့ဘဏ်က ရုံးဖွင့်လှစ်ဖို့အထိ စီစဉ်နေတာပါ။ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ ကနေ မြန်မာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်နိုင်စရာ အလားအလာတွေ ဘာတွေ ရှိမလဲ ဆိုတာကိုတော့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) စတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းက ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံမှုတွေကို တဖြေးဖြေး တိုးမြှင့်လာနေရာမှာ အခုနောက်ဆုံး ကမ္ဘာ့ဘဏ်က ရုံးတရုံး မြန်မာနိုင်ငံမှာ သွားရောက် ဖွင့်လှစ်တော့မယ့်အထိ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံကို သွားရောက်ပြီး စီးပွားရေးဆိုင်ရာ နှီးနှော တိုင်ပင်မှုတွေ လုပ်ဆောင်နေတဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာတဦး ခန့်ထားပြီး ရုံးခန်းတခန်း ဖွင့်လှစ်သွားမှာ ဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ ပမ်မဲလာ ကော့က်စ် (Pamela Cox) က ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံနဲ့ ဒီလို ပြန်လည် အဆက်အဆံ လုပ်လာတဲ့အတွက် စီးပွားရေးမှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ကြီးကြီးမားမား အကျိုးကျေးဇူးတွေ ခံစားရနိုင်တယ်လို့ အမေရိကန် တက္ကသိုလ်က မြန်မာစီးပွားရေး ပညာရှင် ဦးဇော်ဦး ကပြောပါတယ်။
“ကမ္ဘာ့ဘဏ်တို့လို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့လို အဖွဲ့အစည်းတွေက လာကူလိုက်မယ်ဆိုရင် ကျနော်တို့ အတွက် အင်မတန်မှ အကျိုးရှိတဲ့ ကူညီမှုတွေ ရနိုင်မယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာအားဖြင့် ငွေကြေး ဖောင်းပွမှုနှုန်း လျှော့ချရေး၊ လူထုအတွက် ဆိုရင်တော့ ကုန်ဈေးနှုန်း လျော့ကျရေးပေါ့၊ ဒီကိစ္စတွေ လုပ်တဲ့အခါမှာ သူတို့က တိုင်းပြည်တခုရဲ့ စီးပွားရေး ဘယ်နေရာတွေမှာ ကွာဟချက်တွေ ရှိနေလဲ၊ ဘယ်နေရာတွေမှာ နစ်နာချက်တွေ ရှိနေလဲ၊ ဘယ်ပေါ်လစီကဖြင့် ဘယ်လို လုပ်ထားတဲ့အတွက် ဘယ်လို ဖြစ်နိုင်သလဲ ဆိုတဲ့အခါမှာ သူတို့က နိုင်ငံတကာ အသီးသီးက အတွေ့အကြုံနဲ့ သူတို့မှာ ပညာရှင်တွေ တော်တော်များများကလည်း ဝိုင်းဝန်း အထောက်အကူ ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ကြည့်လိုက်တာနဲ့ ဘာလုပ်ရမယ်ဆိုတာ ချက်ခြင်း မြင်နိုင်ပါတယ်။”

ဇွန်လထဲကျရင် ကမ္ဘာ့ဘဏ် လက်အောက်ခံ ပုဂ္ဂလိကပိုင် လုပ်ငန်းတခုဖြစ်တဲ့ IFC အာမခံ လုပ်ငန်းဖြစ်တဲ့ MIGA စတဲ့ အဖွဲ့အစည်းတွေရဲ့ ဒုဥက္ကဋ္ဌတွေနဲ့အတူ ကမ္ဘာ့ဘဏ် အရာရှိ ကော့က်စ် မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ် အတွင်းမှာတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေကို အကဲခတ်ပြီး အကူအညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ကမ္ဘာ့ဘဏ် အရာရှိ ကော့က်စ် ကပြောခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့၊ လူထုအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အစိုးရကို ကူညီနိုင်ဖို့ မဟာဗျူဟာတရပ် ချမှတ်နိုင်အောင် ပြင်ဆင်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကစလို့ အစိုးရ အပြောင်းအလဲတွေ ပေါ်ပေါက်လာရာက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ကန့်သတ်ချက်တွေ လျှော့ပေါ့ ပေးလာရာက နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အကူအညီပေးနိုင်မယ့် လမ်းစတွေ ပွင့်လာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေး အထောက်အပံ့တွေ အပါအဝင် အကူအညီတွေ အပြည့်အ၀ ပြန်လည် ပေးအပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတဲ့ အကြောင်းလည်း ကမ္ဘာ့ဘဏ် အရာရှိ ကော့က်စ် ကပြောပါတယ်။

ဒါပေမဲ့လည်း တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးစေဖို့အတွက် လတ်တလော ဦးစားပေးသင့်တာက အရင် အစိုးရတွေ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ မူဝါဒတွေရဲ့ အားနည်းချက်တွေကို အာရုံစိုက် ပြင်ဆင်ရမှာ ဖြစ်တယ်လို့ အစိုးရသစ်အဖြစ် တက်လာပြီးနောက် မြန်မာနိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ စီးပွားရေး ပညာရှင် ဦးဇော်ဦး က သုံးသပ်ခဲ့တာပါ။
“စီးပွားရေး နယ်ပယ်မှာကျတော့ ရှိနေတဲ့ အကန့်အသတ်တွေက တခြားကလာပြီး ဒဏ်ခတ်ပြီး ကန့်သတ်တာထက်စာရင် ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြုပ်နှံတဲ့သူတွေ တကယ်လက်တွေ့ ရေရှည်မှာ အလုပ်လုပ်ပြီးတော့ ၂ ဦး ၂ ဖက် အကျိုးရှိနိုင်မယ့် ပုံစံမျိုး ဖြစ်ဖို့ဆိုရင် ကျနော်တို့ဖက်က တော်တော်ကို ပြင်ဆင်ရဦးမယ့် အနေအထား ရှိပါတယ်။ ဒီလို အနေအထားမှာ ခုနကလို ကမ္ဘာ့ဘဏ်နဲ့ IMF က လာပြီးတော့ ကျနော်တို့ကို ကူပေးနိုင်မယ်ဆိုရင် ဒီကိစ္စဟာ တဆင့် အောင်မြင်တယ်လို့ ပြောလို့ရမှာပါ။”

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေထဲမှာ နောက်ဆုံး တွေ့မြင်ခဲ့ရတဲ့ ဧပြီလဆန်း ရွေးကောက်ပွဲတွေ အပြီးမှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) ကနေဒါ၊ သြစတြေးလျ စတဲ့ နိုင်ငံတွေက ဒဏ်ခတ် အရေးယူထားတာတွေကို လျှော့ပေါ့တာ ဖယ်ရှားတာတွေလည်း လုပ်လာကြတာပါ။ ဒီအတွက်လည်း ရင်းနှီးမြုပ်နှံ လိုသူတွေကြား စိတ်ဝင်စားမှုတွေလည်း တိုးပွား လာနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ အရေးယူ ဒဏ်ခတ်မှုတွေကို စောင့်ကြည့် ကာလတခုအဖြစ် ဖယ်ရှားထားတာ၊ တင်းကျပ်တဲ့ ပြစ်ဒဏ်ခတ်မှုတွေကို ဥပဒေတွေအဖြစ် ပြဋ္ဌာန်း ကျင့်သုံးနေတဲ့ အမေရိကန် ပြည်ထောင်စုက အကန့်အသတ်နဲ့သာ ဖယ်ရှား ပေးထားတာမို့ လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ လက်တွန့်နေတုန်းပဲလို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချို ကမြင်ပါတယ်။
“မြန်မာပြည်ကို လာရောက် ရင်းနှီးမြုပ်နှံမယ့်လူတွေ အတွက်ကြတော့ နည်းနည်းလေး အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ တနှစ်ပဲ ဆိုင်းငံ့ဖယ်ရှား ပေးတာဆိုတော့ သူတို့အနေနဲ့ လာပြီး ရင်းနှီးမြုပ်နှံမယ်ဆိုရင် တနှစ်ဆိုတဲ့ ကာလဟာ မရေရာတဲ့အတွက် ဒီဆိုင်းငံ့ထားတဲ့ အချိန်အတွင်း လာရောက် ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်သေးဘူး။ အဲဒီအတွက်တော့ သိပ်အကောင်းကြီး ပြောလို့ မရသေးဘူးပေါ့။ သို့သော်လည်းပဲ ရှိထားပြီးသား လုပ်ငန်းတွေ အတွက်ကတော့ အလွန်ကောင်းပါတယ်။”

နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး လုပ်ကိုင်နိုင်မယ့် အခွင့်အလန်းတွေ ပေါ်လာမယ့် မျှော်လင့်ချက်တွေ ကြီးထွား နေတဲ့ တချိန်တည်းမှာပဲ သတိထား စီမံကိုင်တွယ်စရာတွေ အများအပြား ရှိနေတာကိုလည်း နိုင်ငံတကာ စီးပွားရေး ကျွမ်းကျင်သူတွေ သတိပေး နေကြတာပါ။ ဝါရှင်တန်မြို့တော် ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ ဧပြီလလယ်တုန်းက ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ ဆိုရင်လည်း အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နဲ့ IMF အရာရှိတွေက မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှုတွေနဲ့အတူ စီးပွားရေး တိုးတက်မှုတွေကို ခွဲဝေခံစားနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ လိုမယ်လို့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံက ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေဟာလည်း အရင်းအမြစ် ထုတ်လုပ်မှု အပိုင်းတွေမှာသာ အများစု ရှိနေတာမို့ ရေရှည်ခံမယ့် စီးပွားရေး ပုံစံကို တည်ဆောက်ဖို့ လိုမယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြတာပါ။

စီးပွားရေး ပညာရှင် ဦးဇော်ဦး ကတော့ တိုင်းပြည်မှာ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် ရေခံမြေခံကောင်းတွေ ဖန်တီးပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ရေရှည်အတွက် မပြောခင်မှာတောင် လတ်တလော ရေတိုကာလ အတွင်းမှာ ဖြစ်လာနိုင်တဲ့ အာဆီယံ စီးပွားရေး ဝန်းကျင် (AEC) လိုဟာမျိုး ၂၀၁၅ မှာ ဖြစ်လာမယ့် အတိုင်းအတာမှာ ကျနော်တို့ကလည်း ဘယ်လောက်အထိ အဆင်သင့် ဖြစ်ပြီလဲ ဆိုတဲ့ အနေအထားတွေကို ရင်းနှီးမြုပ်နှံတဲ့ သူတွေက ကြည့်လေ့ရှိပါတယ်။ အဲဒီအခါကျရင် ကျနော်တို့ဖက်မှာ အဲဒါတွေ အားနည်းနေတယ်ဆိုရင် သူတို့ အနေနဲ့က တိုက်ရိုက်ရင်းနှီး မြုပ်နှံဖို့က ခက်နေသေးတာပေါ့။”

ကမ္ဘာ့ဘဏ်ကတော့ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အားကောင်းလာပြီး အလုပ်အကိုင်တွေလည်း ဖန်တီးပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ ပြောခဲ့တာပါ။ ဒီလိုပဲ စိုက်ပျိုးရေး ကဏ္ဍမှာ ထုတ်လုပ်မှုတွေ တိုးလာရလေအောင် လယ်သမားတွေ ငွေချေးငှားနိုင်တဲ့ အခွင့်အလန်းတွေ ပေါ်ပေါက် လာစေဖို့၊ ပြည်တွင်း ဈေးကွက်မှာ ဈေးချိုချိုနဲ့ ရောင်းချနိုင်တဲ့ တချိန်တည်းမှာ ကျေးလက်နေ လူတန်းစားတွေ ဝင်ငွေတိုးလာစေမယ့် အစီအစဉ်တွေမှာ အကူအညီ ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။