အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲစတင်

ဝဲမှယာ မြန်မာ-ဦးဝဏ္ဏမောင်လွင်၊ ဖိလစ်ပိုင်၊ Albert del Rosario၊ စင်္ကာပူ Chee Wee Kiong၊ ထိုင်း Tanasak Patimapragorn၊ ဗီယက်နမ်

အာဆီယံ၊ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မနေ့က စဖွင့်လိုက်ရာမှာ တောင်တရုတ်ပင်လယ်ပြဿနာက ထိပ်ဆုံးမှာ ကြီးစိုးထားပါတယ်။

အဖွင့်မိန်းခွန်းပြောရာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အငြင်းပွားမှုပြဿနာအတွက် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးမှာ အာဆီယံအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

အခုလို တရုတ်နဲ့ အငြင်းပွားမှုကို ကိုင်တွယ်နေရချိန်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အာဆီယံအသိုင်းအဝိုင်း ထူတောင်ရေးကိစ္စကို ဒီအစည်းအဝေးမှာ သီးသန့်ထည့်သွင်းဆွေးနွေးဖို့ကိုလည်း မျှော်လင့်ထားပါတယ်။

ဒီအကြောင်းတွေ ဆွေးနွေးပြီးရင်တော့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အပန်းဖြေစခန်းတခုကိုသွားပြီး ဒေသတွင်းနဲ့ နိုင်ငံတကာပြဿနာတွေအပေါ် သူတို့ရဲ့ ဘုံစိုးရိမ်ချက်တွေကိုလည်း အမြင်ဖလှယ်ကြဖို့ ရှိပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အမေရိကန်နဲ့ တရုတ်အပါအဝင် အာရှနဲ့အခြားဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဒီသီတင်းပတ်အတွင်း ဆွေးနွေးဖို့ရှိပါတယ်။

အာဆီယံအဖွဲ့မှာ မြန်မာအပါအဝင် ထိုင်း၊ လာအို(စ်)၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတွေ ပါဝင်ပါတယ်။