အာရှလုံခြုံရေး ညီလာခံ ရိုဟင်ဂျာအရေး မလေးရှား ထောက်ပြ

ရိုဟင်ဂျာ ဒုက္ခသည်များ

စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Shangri-La Dialogue လို့ခေါ်တဲ့ အာရှဒေသ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံအတော်များများက ကာကွယ်ရေးဝန်ကြီးတွေ ဇွန်လ ၁ ရက်နေ့မှာ တက်ရောက်လာကြပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး Mohamad Bin Sabu က မိန့်ခွန်းပြောကြားခဲ့ပြီး အရှေ့တောင်အာရှဒေသအတွင်း ဒုက္ခသည်အမြောက်အမြား ပြောင်းရွှေ့မှုနဲ့ ပြည်တွင်းရေးပဋိပက္ခတွေအကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ ပြည်တွင်းပဋိပက္ခအဖြစ် စတင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးဟာ အခုအခါမှာ လူသားဘေး ဒုက္ခအကျပ်အတည်း ဖြစ်လာတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှ ASEAN နိုင်ငံတွေအချင်းချင်း နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဆိုတဲ့ လမ်းစဉ်ကို မလေးရှားအနေနဲ့ ဆက်လက်လိုက်နာသွားမယ်ဆိုပေမယ့် ရိုဟင်ဂျာအရေးဟာ မြန်မာနိုင်ငံပြည်တွင်း ပဋိပက္ခမဟုတ်တော့တဲ့အကြောင်း လူသားဘေးဒုက္ခအကျပ်အတည်းရှုထောင့်က ကြည့်ရင်လည်း ရိုဟင်ဂျာအရေးက ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပြီး အစွန်းရောက်အကြမ်းဖက်မှုတွေ ဖြစ်လာမယ့် လမ်းစ ဖြစ်လာနိုင်ကြောင်းလည်း သူက သတိပေးပြောဆိုလိုက်ပါတယ်။

Shangri-La Dialogue ဆွေးနွေးပွဲကို တက်ရောက်လာကြသူတွေထဲမှာ အမေရိကန်၊ တရုတ်၊ သြစတေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံက တာဝန်ရှိသူတွေလည်း ပါဝင်ပြီး ဒေသတွင်းသာမက အခြားဒေသတွေမှာပါ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးအတွက် အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို အဓိကထား ဆွေးနွေးကြတာပါ။

ဒီဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွါးမှုတွေကြောင့် တင်းမာမှုတွေ တိုးလာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာရှလုံခြုံရေး ညီလာခံ ရိုဟင်ဂျာအရေး မလေးရှား ထောက်ပြ