ချက်သမ္မတနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ချက်နိုင်ငံခြားရေးဝန်ကြီး Tomas Petricek နဲ့ တွေ့ဆုံသလို၊ ချက်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးညီလာခံကိုလည်း တက်ရောက် ခဲ့ပါတယ်။
နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်လာတဲ့ အခြေအနေကို ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဘားဘေ့ရှ်က ဒီစီးပွားရေးညီလာခံအတွင်း မီးမှောင်းထိုး ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ၂၀၁၈ ခုနှစ်မှာ ချက်သမ္မတနိုင်ငံကနေ မြန်မာကို တင်ပို့တဲ့ ပို့ကုန်က ၂၃% ကျဆင်းခဲ့ပြီး မြန်မာဘက် က ချက်ကို တင်ပို့တာက ၆၆ % ထိ တိုးမြင့်လာတဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုမှာ ချက်နိုင်ငံဘက်က အနုတ်လက္ခဏာ ရှိခဲ့တာကို သတိထားမိကြောင်းနဲ့ ဒါပေမယ့် မြန်မာ့ဈေးကွက်က အလွန်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဝန်ကြီးချုပ် ဘားဘေ့ရှ်က ပြောပါတယ်။
ဝန်ကြီးချုပ် ဘားဘေ့ရှ် မြန်မာနိုင်ငံကို လာရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သလို၊ လာမယ့် ဆောင်းဦးပေါက်ရာသီမှာ ဝန်ကြီးချုပ်နဲ့ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီး Karel Havlíček တို့ မြန်မာနိုင်ငံကို လာရောက်နိုင်ဖွယ် ရှိတဲ့အကြောင်း ချက်သမ္မတနိုင်ငံသတင်းတွေမှာ ဖော်ပြကြပါတယ်။
ချက် ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့တုန်းကလည်း မြို့တော် Prague မှာ သီးခြား တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။
ဒီကနေ့မှာတော့ ချက် သမ္မတ Milos Zeman နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပြီး မြန်မာသံရုံး ဖွင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကာလတွေက နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ နှစ်ဘက်ဆက်ဆံရေး ပြန်လည် တည်ဆောက်သွားဖို့ မျှော်လင့်သလို၊ မြန်မာသံရုံး အခုလို ပြန်ဖွင့်နိုင်တာဟာလည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မြင့်မား ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အခုခရီးစဉ်ဟာ ချက်နိုင်ငံကို ၇ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် လာရောက်တာဖြစ်ပြီး ဒီကနေ့ ခရီးစဉ်အပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ မနက်မှာတော့ ဟန်ဂေရီနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5