ဘင်္ဂလားဒေ့ရ်ှမှာ ရိုဟင်ဂျာမိဘမဲ့ကလေးငယ် ၄သောင်းကျော် ရှိနေ

ရိုဟင်ဂျာ ကလေးငယ်များ

မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ မိဘအုပ်ထိန်းသူ မပါဘဲ တကိုယ်တည်း ဖြစ်နေကြတဲ့ ကလေးငယ် အရေအတွက် ၄ သောင်းကျော် ရှိနေတယ်လို့ ဥရောပ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ ပြသနာကို အရှိအတိုင်း လက်ခံပြီး ဒီဒုက္ခသည်တွေ ဌာနပြန်နိုင်ရေး အတွက်လည်း ဥရောပ သမဂ္ဂဘက်က ကြိုးစားနေတယ်လို့လည်း ပြောဆိုသွားပါတယ်။ AFP သတင်းကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ မိဘ အုပ်ထိန်းသူ မပါဘဲ တကိုယ်တည်း ဖြစ်နေတဲ့ ကလေးငယ် ၄ သောင်းကျော် အထိ ရောက်လာပြီလို့ ဥရောပသမဂ္ဂရဲ့ မဟာမင်းကြီး Christos Stylianides က မနေ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

"လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက်တုန်းက မိဘ အစောင့်အရှောက် မပါတဲ့ တကိုယ်တည်းဖြစ်နေတဲ့ ကလေးငယ် ၁ သောင်းခွဲလောက်ဘဲ ရှိတာပါ။ အခုတော့ ကလေး အရေအတွက် ၄ သောင်းကျော်အထိ များလာပါတယ်။ ဒီအရေအတွက် တခုတည်းကဘဲ ပြသနာရဲ့ အတိမ်အနက်ကို တွေ့နိုင်ပါတယ်။"

ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာ ၆ သိန်းကျော် ရှိနေပြီး ဆယ်စုနှစ်တွေ အတွင်း အကြီးမားဆုံးသော ဒုက္ခသည်ဆိုင်ရာ ပြသနာ အဖြစ် လူသားချင်းစာနာထောက်ထားမှုနဲ့ ပဋိပက္ခအခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ သမဂ္ဂ မဟာမင်းကြီးက ရည်ညွန်းပြောဆိုပါတယ်။ ဒုက္ခသည် စခန်းတွေကို သွားရောက်ရင်း တွေ့ရမြင်ရတဲ့ အခြေအနေတွေ အပေါ် အတော်လေး တုန်လှုပ်ရတယ်လို့လည်း EU မဟာမင်းကြီးက ပြောဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အရေးကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဘောင်ထဲကနေ မြန်မာဘက်က ကိုင်တွယ်လုပ်ဆောင်လာရေး တိုက်တွန်းဖို့ ဥရောပ သမဂ္ဂ အနေနဲ့ ကြိုးစားနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

"ဒီရိုဟင်ဂျာ ပြသနာက ဘာသာရေး ပဋိပက္ခမဟုတ်ပါဘူး။ ဒါပေမယ့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ပြသနာ ဖြစ်တယ်ဆိုတာကို အထူးသဖြင့် မြန်မာ အစိုးရကို များများ ပြောဆိုပေးရမှာပါ။ ဒါက ပထမ ခြေလှမ်းပါ။"

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇားမှာ ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြသနာက ဆယ်စုနှစ်တွေ အတွင်း အကြီးမားဆုံးဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တုံ့ပြန်မှုကို ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဥရောပ သမဂ္ဂ မဟာမင်းကြီး Christos Stylianides က ဒါကာမြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ သတင်းမီဒီယာတွေ ဝင်ရောက်ခွင့်နဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့် တားမြစ်ထားတဲ့ အပေါ်မှာလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဥရောပ သမဂ္ဂဘက်က တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေတာတွေကိုလည်း အခုလို ပြောဆိုခဲ့ပါတယ်။

"တချိန်တည်းမှာဘဲ ဥရောပ သမဂ္ဂ အနေနဲ့ ဒီပြသနာကို အရှိအတိုင်း လက်ခံလာစေဖို့၊ ဒီလူတွေ ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်ရေး အကောင်းဆုံး နည်းလမ်းနဲ့ လက်သင့်ခံစေဖို့ အတွက် ကျနော်တို့က ဖိအားပေးဖို့ ကြိုးစားနေပါတယ်။"

ဒုက္ခသည် စခန်းတွေ အတွင်း အမိုးအကာ၊ ရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်သာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီအပေါ် အကူအညီပေးရေး အဖွဲ့တွေဘက်ကလည်း စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မိဘ အုပ်ထိန်းမှု မရှိဘဲ တကိုယ်တည်း ဖြစ်နေကြတဲ့ ကလေးငယ်တွေဟာ လူကုန်ကူးခံရမယ့် အန္တရာယ် ရှိနေတဲ့ အပေါ်မှာလည်း အခွင့်အရေး လှုပ်ရှားသူတွေ၊ ကုလ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ် အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပ သမဂ္ဂ၊ နောက် သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။ဒါ့အပြင် လက်ရှိ ကျင့်သုံးနေတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ရောင်းချမှု တားမြစ်မှုကိုလည်း ဆက်လက်ထားရှိဖို့ ဥရောပ သမဂ္ဂက ဆက်လက် အတည်ပြုထားပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရ်ှမှာ ရိုဟင်ဂျာမိဘမဲ့ကလေးငယ် ၄သောင်းကျော် ရှိနေ