“ အမေရိကန်လုံခြုံရေးအတွက် ခိုင်မာအားကောင်းတဲ့ NATO အရေးကြီး” သမ္မတဘိုင်ဒန်

ယူကရိန်းအရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ဇူလိုင် ၁၁၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုလုံခြုံရေးအတွက် ခိုင်မာအားကောင်းတဲ့ NATO အဖွဲ့ဖြစ်ဖို့ အရေးကြီးတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ အရင်ကထက် ပို ခိုင်မာအားကောင်းလာပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံတိုက်ခိုက်ခံရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေက ဝိုင်းဝန်းကာကွယ်ဖို့ ကတိပြုထားတယ်ဆိုတာကိုလည်း သမ္မတ Biden က NATO ထိပ်သီးအစည်းအဝေးအဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ်နိုင်ငံတွေကြောင့် ပိုပြီး ခိုင်မာအားကောင်းလာခဲ့တယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။

သူ့အရင် တာဝန်ယူခဲ့တဲ့ သမ္မတဟာ နေတိုးအဖွဲ့နဲ့ပတ်သက်လို့ ကတိကဝတ်တွေကိုမလေးစားခဲ့တဲ့အကြောင်းနဲ့ ရုရှားသမ္မတ Putin ကို သူကြိုက်တာလုပ်ခွင့်ပေးခဲ့တာ၊ ကြိုက်လာလုပ်ပါဆိုပြီး အရင်က Donald Trump ပြောခဲ့တာကိုလည်း သူက ပြန်လည် သတိပေးသွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်စစ်ကို ကျောခိုင်း စွန့်ခွာသွားမှာမဟုတ်ဘူးဆိုတာကိုလည်း ထပ်လောင်း ပြောဆိုသွားပါတယ်။

နေတိုးမဟာမိတ် ညီလာခံကျင်းပနေချိန်ဟာ မကြာခင်က ကျင်းပခဲ့တဲ့ သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ထိရောက်အောင် မပြောနိုင်တဲ့အတွက် သမ္မတ Biden ကို ရွေးကောက်ပွဲမဝင်ဖို့အထိ ဒီမိုကရက်ပါတီတွင်းမှာပါ ပြောဆိုနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ သမ္မတ Biden ကတော့ သူဟာ အရည်အချင်းအပြည့်ဝဆုံးသူဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူဖြစ်ကြောင်းကို ကာကွယ်ပြောဆိုသွားပါတယ်။ နေတိုးထိပ်သီးညီလာခံအတွင်း သမ္မတဘိုင်ဒန်က ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတ ဇာလန်ဇကီ နာမည်မှားပြောခဲ့တဲ့ကိစ္စ သတင်းထောက်က ပြောတာကိုလည်း သမ္မတ Biden က ပေါ့ပေါ့ပါးပါးနဲ့ အရေးမကြီးသလို ရယ်မောသွားပါတယ်။ ဒီထိပ်သီးညီလာခံဟာ အအောင်မြင်ဆုံး ညီလာခံတခုဖြစ်တယ်ဆိုတာကို သမ္မတ Biden က ပြောသွားပါတယ်။

သမ္မတဟောင်း Trump ကို အနိုင်ရဖို့ သူသာလျှင် အရည်အချင်းအပြည့်မီဆုံးဖြစ်တယ်လို့လည်း သမ္မတဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဒုသမ္မတ Harris ကိုလည်း ချီးကျုးပြောဆိုပြီး ဒုသမ္မတ Harris ဟာ သမ္မတအရည်အချင်းနဲ့ ပြည့်မီသူဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

နေတိုးမဟာမိတ် အဖွဲ့ ညီလာခံနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲဟာ ထိပ်သီးညီလာခံနဲ့ပတ်သက်တာထက် သမ္မတ Biden ရဲ့ နိုင်ငံရေး အနာဂတ်ကို အဓိကစိုးရိမ်ပြီး မေးခွန်းထုတ်တဲ့သတင်းစာရှင်းလင်းပွဲ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့လေးနှစ်အတွင်း ဒုသမ္မတ Kamala Harris ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ နောင်အနာဂတ်မှာ သမ္မတတာဝန်တွေ ယူရမယ်ဆိုရင် အဆင်သင့်ဖြစ်ပါ့မလားဆိုတာကိုလည်း သတင်းထောက်တွေက မေးခွန်းထုတ်ပါတယ်။

တချိန်တည်းမှာ လာမယ့် လေးနှစ်သက်တမ်း သမ္မတတာဝန်ယူဖို့ သူ့အနေနဲ့ အကန့်အသတ်ရှိနိုင်မလားဆိုတဲ့ မေးခွန်းတွေကိုလည်း သတင်းထောက်တွေမေးခဲ့ကြပြီး သမ္မတ Biden ကတော့ ဒုသမ္မတ Kamala Harris အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ယုံကြည်တဲ့အတွက် ဒုသမ္မတလောင်းအဖြစ် သူရွေးချယ်ခဲ့တာလို့ ကာကွယ်ပြောဆိုသွားပါတယ်။ ယူကရိန်းကို လက်နက်ထောက်ပံ့ရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ အကန့်အသတ်မထားဖို့ သမ္မတ ဇလန်စကီးဘက်က တောင်းဆိုချက်နဲ့ပတ်သက်လို့ သူ့အနေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အမြဲတစေ ဆွေးနွေး ညှိနှိုင်းတိုင်ပင်နေတဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ ရှေ့တာဝန်ယူနိုင်မှုနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် ပါတီတွင်း စိုးရိမ်မှုတွေ ရှိနေတာကို သတင်းထောက်တွေက ထပ်ပြီး မေးခွန်းထုတ်ရာမှာ -

စကားစစ်ထိုးပွဲ ကျင်းပခဲတဲ့ ညအတွက်ကိုသာစိုးရိမ်တာမဟုတ်ဘဲ ရှေ့သက်တမ်းတခုလုံး တာဝန်ယူနိုင်မယ့်အနေအထားကို စိုးရိမ်တာမျိုး ဒီမိုကရက်တစ်ပါတီအတွင်းမှာ စိုးရိမ်နေတာကို ထောက်ပြကြပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ အမေရိကန်ပြည်သူတွေကို ဘယ်လို အာမခံမလဲဆိုပြီး သတင်းထောက်တချို့က မေးကြပါတယ်။ သမ္မတဘိုင်ဒန်ကတော့ ပြီးခဲ့တဲ့ ၃ နှစ်ခွဲအတွင်း ဥပဒေတွေ အတည်ပြုခဲ့တာ၊ သူ တာဝန်ယူခဲ့တာတွေကို ပြန်လည် ပြောပြရင်း သူဟာ သမ္မတတာဝန်ယူဖို့ သင့်တော်တဲ့ ထမ်းဆောင်နိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

သမ္မတဟောင်း Donald Trump အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင် အမေရိကန်ပြည်ထောင်စုဟာ ဥရောပမဟာမိတ်တွေနဲ့ ကင်းကွာသွားမလားဆိုတဲ့အမေးကိုတော့ လာမယ့် ဒီရွေးကောက်ပွဲမှာ သူသာလျင် အနိုင်ရရမှာဖြစ်တဲ့အကြောင်းနဲ့ ဥရောပရဲ့လုံခြုံရေးဟာ
ယူကရိန်းကို ကျူးကျော်ခံရရုံနဲ့ ပြီးမသွားနိုင်ကြောင်းနဲ့ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ပိုပြီး ခိုင်မာအားကောင်းဖို့လိုတယ်ဆိုတာကို သတိပေးသွားပါတယ်။ နေတိုးမဟာမိတ်တွေရဲ့ကြေညာချက်မှာ တရုတ်နိုင်ငံနဲ့ ရုရှားရဲ့ ဆက်ဆံရေးကို စိုးရိမ်တဲ့အကြောင်း ပြောထားပြီး တရုတ်နဲ့ ရုရှားဆက်ဆံရေးကို လျှော့ချနိုင်မယ့် မဟာဗျုဟာတွေ ရှိမရှိ သတင်းထောက်တွေက မေးခွန်းထုတ်ပါတယ်။ ရုရှား၊ မြောက်ကိုရီးယားစတဲ့ ဆက်ဆံတဲ့အတွက် တရုတ်နိုင်ငံအတွက် စီးပွားရေးအရ အကျိုးမရှိဘူးဆိုတာကို သမ္မတ ဘိုင်န်ဒန်က သတိပေးသွားပါတယ်။


ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားကြား ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ အစဉ်ရှိမရှိ သတင်းထောက်တွေက သမ္မတ Biden ကို သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ပါတယ်။

သမ္မတ Joe Biden ကတော့ ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးဖို့ လောလောဆယ်အကြောင်းမရှိသေးတဲ့အကြောင်းနဲ့ လက်ရှိအနေအထားကို ပူတင်ဘက်က သဘောထားမပြောင်းလဲသ၍ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်သေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေး အမေရိကန်ပြည်ထောင်စုဘက် ဆက်ပြီး တိုက်တွန်းနေတဲ့အခြေအနေ၊ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ကြိုးစားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတဘိုင်ဒန်ကို သတင်းထောက်တွေ မေးခွန်းထုတ်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတွင်းနိုင်ငံတွေနဲ့လက်တွဲပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ပြည်ထောင်စနစ်နဲ့ ငြိမ်းချမ်းရေး အဖြေရှာနိုင်ရေး ကြိုးပမ်းနေတဲ့ အခြေအနေတွေကို သမ္မတဘိုင်ဒန်ပြောဆိုသွားပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ သူ့အနေနဲ့ စိတ်ပျက်မိတာတွေ ရှိတဲ့အကြောင်းလည်း ဝန်ခံပြောဆိုပါတယ်။ အစ္စရေးဟာ အမေရိကန်ပြည်ထောင်စုကမှားခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အပြီး တခြားနိုင်ငံတွေကို ကျူးကျော်ခဲ့တဲ့အမှားမျိုးကို ထပ်မလုပ်ဖို့ လိုတယ်လို့ သမ္မတဘိုင်ဒန်က ပြောဆိုသွားပါတယ်။

ဟာမတ်စစ်သွးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ရာမှာ ကျူးကျော်သိမ်းပိုက်ပြီး ခြေမှုန်းတဲ့ နည်းလမ်းကိုမသုံးဖို့ သူက သတိပေးသွားတာပါ။ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့ပတ်သက်လို့ အရင် ၂၀၂၀ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ သမ္မတ Biden က သူဟာ လူငယ်မျိုးဆက်တွေကို တံတားခင်းပေးတဲ့ ကိုယ်စားလှယ်လောင်း တယောက်ဖြစ်တဲ့အကြောင်းပြောဆိုခဲ့ဖူးပြီး အခုအချိန် ဘာကြောင့် ပြောင်းလဲသွားသလဲ ဆိုတာကို သတင်းထောက်က မေးခွန်းထုတ်ပါတယ်။သမ္မတဘိုင်ဒန်က ဒီနေ့ အမေရိကန်ပြည်ထောင်စုရင်ဆိုင်နေရတဲ့ စီးပွားရေး၊ နိုင်ငံခြားရေးမူတွေနဲ့ပတ်သက်လို့ အရှိန်အဟုန် ရိုက်ခတ်မှုတွေကြောင့် ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုသွားပါတယ်။