ကုလအထွေထွေ ညီလာခံမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ မိန့်ခွန်းပြော

ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေစဉ် (စက်တင်ဘာ ၂၄၊ ၂၀၂၄)

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဒီနေ့ မိန့်ခွန်းတွေ ပြောနေကြတာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ မြန်မာအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခဒေသတွေမှာ အကြမ်းဖက်မှုတွေနဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ဆိုးဆိုးရွားရွား ဆက်ကြုံနေရချိန်မှာ ကုလသမဂ္ဂအနေနဲ့ ကူညီဖြေရှင်းပေးဖို့ အကြီးအကျယ် ပျက်ကွက်နေတယ်လို့ ကုလ အတွင်းရေးမှူးချုပ် António Guterres ကပြောသွားပါတယ်။ ယူကရိန်းစစ်ပွဲ၊ ဂါဇာနဲ့ အစ္စရေး−လက်ဘနွန် နယ်စပ်အရေး ပြဿနာတွေကိုလည်း သူကထောက်ပြသွားပါတယ်။

ကမ္ဘာကြီးတည်ငြိမ်မှု ထိခိုက်နေတာ ဒီအတိုင်းဆက်ကြည့်နေလို့ မရတော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေကြသလို၊ ဒီကနေ့ ခေါင်းဆောင်တွေရဲ့ အဆင့်မြင့် ဆွေးနွေးပွဲအဖွင့်မှာ အတွင်းရေးမှူးချုပ် Guterres က ခုလို ပြောကြားခဲ့တာပါ။

ဂါဇာဒေသ စစ်ပွဲတွေ အပါအဝင် ကမ္ဘာကြီးမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ မဟုတ်ဘဲ ဖြေရှင်းဖို့ ပျက်ကွက်နေတာလို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။ ကျူးလွန်းသူတွေ အပြစ်က ကင်းလွတ်ခွင့်ရနေတာ၊ တန်းတူညီမျှမှု မရှိတာ၊ လုံခြုံမှုကင်းမဲ့ပြီး မသေချာ မရေရာမှုတွေနဲ့ လူတွေ ပိုရင်ဆိုင်လာနေရတဲ့ အခြေအနေတွေကို ထောက်ပြပါတယ်။ တချို့နေရာတွေမှာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရတွေ ကိုယ်တိုင် ပြစ်မှု ကျူးလွန်သူတွေ ဖြစ်နေပြီး ဒီလိုအခြေအနေတွေ ပိုပြီး များလာတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် အခုချိန်မှာ ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းနဲ့အညီ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ နိုင်ငံတကာ တရားရုံးတွေ ကနေ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာ ချမှတ်ပြီး လူ့အခွင့်အရေး ပိုမို အားကောင်းလာအောင် အထူး အလေးထား တိုက်တွန်း ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် António Guterres က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း အလားတူ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေကို ဒီနေ့ ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတအနေနဲ့ နောက်ဆုံးအကြိမ် ပြောတာဖြစ်တယ်ဆိုတာနဲ့ မိန့်ခွန်းကို စတင်ခဲ့ပါတယ်။

စိန်ခေါ်မှုသစ်တွေ၊ ခြိမ်းခြောက်ရန်သစ်တွေကို အမေရိကန်ပြည်ထောင်စု ရင်ဆိုင်ဖြေရှင်းတဲ့ အကြောင်းတွေကို အသံမလွှင့်ခင်ကပဲ စတင်တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဘိုင်ဒန်ပြောကြားသွားခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်နေတဲ့ ရုရှားရဲ့ရန်၊ တောင်တရုတ်ပင်လယ်မှာ တရုတ်က ရန်လိုတဲ့လုပ်ရပ်တွေ လုပ်နေတာကို အမေရိကန်သမ္မတက ထောက်ပြသွားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမယ့်အကြောင်း ပြောဆိုသွားပါတယ်။ အစ္စရေးအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း အရှေ့အလယ်ပိုင်းနဲ့ပတ်သက်လို့ပြောသွားပါတယ်။

ပိုပြီးတိုးတက်လာနေတဲ့ AI ဉာဏ်ရည်တုနည်းပညာရဲ့ ကောင်းကျိုးနဲ့ အန္တရာယ်တွေကိုလည်း ထောက်ပြသွားပါတယ်။
ပြည်သူတွေရဲ့ အရေးကို ရှေ့တန်းတင် ဦးစားပေးဆောင်ရွက်တာဟာ ကိုယ့်အာဏာ တည်မြဲမှုထက် ပိုပြီး အရေးကြီးတယ်ဆိုတာကိုလည်း အမေရိကန် သမ္မတ ဘိုင်ဒန်က အကျယ်တဝံ့ပြောပြီး မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ ဒီကနေ့ နေ့လည်ပိုင်း ရိုဟင်ဂျာအရေး သီးခြား ဆွေနွေးပွဲ တရပ် ကျင်းပဖို့ရှိပြီး ကုလသမဂ္ဂ အတွင်းရေ:မှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Julie Bishop လည်း တက်ရောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်နဲ့ လောင်စာဆီ ပိတ်ပင်မှုတွေကို ချမှတ်ဖို့ ကုလ အဖွဲ့ဝင်နိုင်ငံ တချို့ကလည်း တိုက်တွန်း ပြောဆိုနေကြပါတယ်။

Your browser doesn’t support HTML5

ကုလအထွေထွေ ညီလာခံမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ မိန့်ခွန်းပြော