စကြဝဠာတွေကြားက Black Holes တွေကိုမြင်ရပြီ

Black Hole

နက္ခတ္တဗေဒ ဆိုင်ရာ ရူပဗေဒပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် အလင်းနှစ် သန်းပေါင်း ၅၀ လောက်ရှိတဲ့အကွာအဝေးမှာ ရှိတဲ့ black hole လို့ခေါ်တဲ့ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့က ပထမဆုံး ပြသနိုင်ပြီဖြစ်ပါတယ်။

နိုင်ငံတကာ မှန်ပြောင်းကွန်ယက်ကို သုံးပြီး သုတေသနပညာရှင်ပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ Event Horizon Telescope စီမံကိန်းကနေ ၂၀၁၂ ခုနှစ်က စတင်ပြီး black hole ကို တိုက်ရိုက် လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ဝါရှင်တန်၊ Brussels, Santiago ၊ ရှန်ဟိုင်း၊ တိုင်ပေနဲ့ တိုကျိုတွေမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အရင်က မှန်းဆကြည့်နေရတဲ့ black hole ကို အခု မျက်ဝါးထင်ထင် ပြသခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ စကြဝဠာ တွေကြားက black holes ကြီး ၂ ခုကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အများစိတ်ဝင်စားနေတဲ့ black hole ခေါ် တွင်းနက်ကြီးဆိုတာ ဘာပါလဲ။ အမေရိကန်အာကာသစူးစမ်းရေးဌာနက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ခုလိုရှင်းပြပါတယ်။

“အလွန်တရာမှာ သိပ်သည်းတဲ့ နေရာတနေရာလို့ သတ်မှတ်လို့ ရပါတယ်။ တွင်းနက်ကြီးရဲ့ သိပ်သည်းဆ ဘယ်လောက်များလဲဆိုရင် ဘယ်အရာဝတ္ထုပဲဖြစ်ဖြစ် သူ့ပတ်ဝန်းကျင်ကို ဖြတ်သွားရင် သူက တခါတည်း အတွင်းထဲကို စုပ်သွင်းလိုက်နိုင်အောင်ကို သိပ်သည်းဆများပါတယ်။ gravitational pull ပေါ့နော် ဆွဲအားအရမ်းများပါတယ်။ ပစ္စည်းဝတ္ထုတောင်မပြောနဲ့ အလင်းရောင်တောင်မှ သူ့ရှေ့ဖြတ်သွားရင် အလင်းရောင်အစုပ်ခံလိုက်ရပါတယ်။ အဲလောက် သိပ်သည်းဆ များတာကို Black hole လို့ခေါ်ပါတယ်။ အိုင်စတိုင်းဟောခဲ့တဲ့ ဒီလိုနေရာမျိုးတွေ ရှိတယ်ဆိုတာကို ကျနော်တို့ ပထမဦးဆုံးအကြိမ် ကိုယ်တွေ့မျက်မြင် တွေ့ရတာဖြစ်ပါတယ်။

လန်ဒန် သိပ္ပံပြတိုက်က Roger Highfield ကတော့ ဒီ Black hole အရွယ်အစားဟာ မာကျူရီ ဂြိုဟ်ပတ်လမ်း အရွယ်အစားလောက် ကြီးမား သလို ကမ္ဘာက မြင်နေရတဲ့ နေထက် သန်းပေါင်းများစွာကြီးမားတဲ့ ထုရှိပြီး ဒီ Black hole ကြီးတွေကို နေ စကြဝဠာ တိုင်းမှာ တွေ့နိုင်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

စကြဝဠာတွေကြားက Black Holes တွေကိုမြင်ရပြီ