အမေရိကန် ပြည်ထောင်စု တဝန်းက မဲရုံတွေကို ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေဟာ ရုရှားက ဖြစ်ပုံရကြောင်း ပြည်ထောင်စုနဲ့ ပြည်နယ် တာဝန်ရှိသူတွေရဲ့ ဆန်းစစ်ချက်သစ်က ဖော်ပြပါတယ်။ အင်္ဂါနေ့ မနက်ခင်း ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေကြောင့် ဂျော်ဂျီယာ ပြည်နယ် အရှေ့တောင်ပိုင်းက မဲရုံ တချို့ကို မဲပေးမှု ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
ဒါပေမဲ့ ဒီခြိမ်းခြောက်မှုတွေက မယုံကြည်ရဘူးလို့ ပြည်နယ် တာဝန်ရှိသူတွေက အလျင်အမြန် ဆုံးဖြတ်ခဲ့ပါတယ်။ အရင်းအမြစ်ကို ဖော်ထုတ်ပြီး ဖြစ်ပြီး အဲဒါဟာ ရုရှားက ဖြစ်ကြောင်း ဂျော်ဂျီယာ ပြည်နယ် အတွင်းရေးမှူး Brad Raffensperger က သတင်းထောက်တွေကို ပြောပါတယ်။
သူတို့က အနှောင့်အယှက် ပေးတာဖြစ်ပြီး ချောမွေ့၊ မျှတပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ သူတို့က လိုလားပုံ မရဘူးလို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ပြည်နယ် အတော်များများက မဲရုံတွေမှာ ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေကို သိရှိထားကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က အင်္ဂါနေ့မှာ ပြောပါတယ်။
ဒီခြိမ်းခြောက်မှု အများအပြားဟာ ရုရှား အီးမေလ်း ဒိုမိန်းတွေမှာ အစပြုပုံရကြောင်းလည်း ထပ်လောင်း ပြောပါတယ်။ ဂျော်ဂျီယာ ပြည်နယ် မှာ ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေ အပြင် ပါတီစွဲ မရှိတဲ့ မစ်ရှီဂန်နဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေက မဲရုံတွေကိုလည်း ဗုံး အန္တရာယ် ခြိမ်းခြောက်မှုတွေ ပို့လာကြောင်းလည်း အမေရိကန် တာဝန်ရှိသူ တဦးက ဗွီအိုအေကို အတည်ပြုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲကို ကပြောင်းကပြန် ဖြစ်သွားအောင် ကြံစည် ကြိုးပမ်းကြတဲ့ ပြည်ပ စွက်ဖက်တဲ့ လှုပ်ရှားမှုတွေ၊ လုပ်ကြံသတင်းတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို ကြိုတင် သတိပေးထားပါတယ်။ မဲရုံတွေဖွင့်ပြီး နာရီပိုင်း အတွင်းမှာဘဲ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ နာမည်ကို အသုံးချပြီး သတင်းမှားတွေဖြန့်ဝေဖို့ ကြိုးပမ်းပုံ ရတဲ့ လှုပ်ရှားမှု အနည်းဆုံး ၂ ခုကို FBI က မဲဆန္ဒရှင်တွေကို သတိပေးခဲ့ပါတယ်။
Your browser doesn’t support HTML5