၉ နိုင်ငံပါဝင်တဲ့ BRICS အဖွဲ့ရဲ့ ငွေကြေးဖန်တီးတာကို အိန္ဒိယက သဘောတူမှာမဟုတ်ဘူး လို့အိန္ဒိယ ပို့ကုန် အဖွဲ့အစည်းများ ဖက်ဒရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ တကယ်လို့ BRICS နိုင်ငံတွေက သူတို့ရဲ့ ငွေကြေးကိုဖန်တီးရင် အဲဒီနိုင်ငံတွေရဲ့ ပို့ကုန်တွေအပေါ် ၁၀၀ ရာနှုန်း အခွန်ချမယ်လို့ အမေရိကန် အရွေးကောက်ခံ သမ္မတ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
အားကောင်းတဲ့ အမေရိကန် ဒေါ်လာကို အစားထိုးဖို့ဘရစ်ငွေကြေး မဖန်တီးသလို၊ တခြားငွေကြေးတခုခုကို မထောက်ခံဘူးဆိုတဲ့ ကတိကဝတ်ကို ဘရစ်မှာပါတဲ့ တိုင်းပြည်တွေက ပေးရပါမယ်လို့ ထရမ့်က သူ့ရဲ့ Truth Social မီဒီယာမှာ ပြောပါတယ်။ ထရမ့်တင်လိုက်တာက အဲဒီလမ်းကို မလိုက်ဖို့ သတိပေးလိုက်တာပါ။
ခု အချိန်မှာ BRICS ငွေကြေးဆိုတာက အယူအဆတရပ်သာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ လုပ်ငန်းစဥ်ထဲမှာ မရှိပါဘူးလို့ အိန္ဒိယ ပို့ကုန်အဖွဲ့အစည်းများ ဖက်ဒရေးရှင်း ညွှန်ချုပ် အာဂျေး ဆာဟိုင်းက ပြောပါတယ်။ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ BRICS အစည်းအဝေးမှာတော့ အမေရိကန်ဒေါ်လာကို အသုံးမပြုကြဘဲသက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ငွေကြေးကိုပဲအသုံးပြု ကုန်သွယ်ကြဖို့ သဘောတူခဲ့ကြတာပါ။
အဲဒီလို BRICS ငွေကြေးဖန်တီးရင် တရုတ်လိုအားကြီးတဲ့ တိုင်းပြည်တွေကပဲ လွှမ်းမိုးသွားမှာပါလို့ အင်ဒိုပစိဖိတ် လေ့လာရေး ကာလင်ဂါ မူဝါဒအဖွဲ့ တည်ထောင်သူ ချင်တာမာနီ မဟာပါထရာ Chintamani Mahapatra က ထင်မြင်ပါတယ်။ BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့နဲ့ စခဲ့ပြီး ဒီနှစ်မှာ အီရန်၊ ယူအေအီး၊ အီသီယိုပီးယား နဲ့ အီဂျစ်တို့လည်း ပါဝင်လာခဲ့ပါတယ်။