စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဗြိတိန်က ပေးအပ်နေတဲ့ အကူအညီတွေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေထဲက ၇၀ ရာခိုင်နှုန်း၊ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၅၁ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့တာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူအခွင့်အရေးနဲ့ စာနာမှုအခြေအနေတွေ အဆိုးဆုံးကြုံနေရချိန်မှာ အခုလို အကူအညီတွေ သိသိသာသာ လျှော့ချခဲ့တာလို့လည်း Burma Campaign UK အဖွဲ့က ပြောပါတယ်။ မြန်မာပြည်သူတွေ မကြုံဖူးလောက်အောင် အခက်ကြုံနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး James Cleverly က အကူအညီတွေကို ဖြတ်တောက်နေတယ်လို့လည်း အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Anna Roberts ကပြောပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ဗြိတိန်အစိုးရက မြန်မာနိုင်ငံအတွက် အကူအညီအဖြစ် ပေါင်ငွေ ၆၁.၉ သန်း ပေးအပ်ခဲ့ရာက ဒီနှစ်မှာ ပေါင်ငွေ ၃၀.၁ သန်းအထိ လျှော့ချခဲ့တာပါ။ ပြီးခဲ့တဲ့ ဗြိတိန်အစိုးရလက်ထက် ၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံကို ပေါင်ငွေ ၁၀၃ သန်းကျော် ပေးအပ်ခဲ့တာကြောင့် အခုနောက်ဆုံး ပမာဏနဲ့ယှဉ်ရင် ၇၀ ရာခိုင်နှုန်းအထိ လျော့သွားခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေအတွက် ပေးအပ်နေတဲ့ အကူအညီကိုလည်း ဗြိတိန်အစိုးရက ၈၂ ရာခိုင်နှုန်းအထိ လျှော့ချထားပါတယ်။
Your browser doesn’t support HTML5