ဗြိတိန်ဝန်ကြီးချုပ် Theresa May က ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ EU နဲ့ ဝန်ကြီးချုပ် May အစိုးရကြား ရရှိထားတဲ့ ဗြိတိန်နုတ်ထွက်ရေး Brexit သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ ထောက်ခံမှုရအောင် မလုပ်နိုင်ခဲ့တဲ့နောက် ရာထူးကနေ ဆင်းပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နှုတ်ထွက်ရေးကိစ္စတွေကို ဝန်ကြီးချုပ်သစ်က ဦးဆောင်တာဟာ တိုင်းပြည်အကျိုးအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ ရှင်းရှင်းသဘောပေါက်ပါတယ်။ ဒါကြောင့် Conservative and Unionist ပါတီခေါင်းဆောင်ရာထူးကနေ ဂျွန်လ ၇ ရက်နေ့မှာ နုတ်ထွက်မယ်လို့ ကြေညာသွားတာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ် ရွေးချယ်မှုကိုတော့ ရှေ့သီတင်းပါတ်မှာ စတင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ချစ်စိတ်နဲ့ Brexit အတွက် အကောင်းဆုံးဖြစ်အောင် သူ့ဘက်ကလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် အင်မတန်စိတ်မကောင်း ဖြစ်ရတယ်ဆိုတာကိုလည်း အမှတ် ၁၀ Downing လမ်း၊ ဝန်ကြီးချုပ်အိမ်ရှေ့မှာ ဝန်ကြီးချုပ် May ကြေညာစဉ် ပြောကြားသွားပါတယ်။
ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူအနေနဲ့ EU ထဲကနေ ဗြိတိန်နုတ်ထွက်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာ ၃၁ ရက်မတိုင်ခင် ဗြိတိန်ပါလီမာန်က အတည်ပြုနိုင်မယ့် သဘောတူညီချက်တွေ ရရှိအောင်လုပ်ရမယ့် စိန်ခေါ်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အရင်ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ Theresa May ဟာ ၂၀၁၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း David Cameron ရာထူးကနေ နုတ်ထွက်သွားတဲ့နောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
EU ထဲက ဗြိတိန်နုတ်ထွက်လိုတဲ့ ပြည်သူအများဆန္ဒကို အကောင်အထည် ဖော်ရမယ်လို့ပြောကြားပြီး သဘောတူညီမှုတွေ ရရှိအောင် ဆောင်ရွက်ခဲ့ပေမဲ့ ဗြိတိန်ပါလီမာန်မှာ ၃ ကြိမ် ပယ်ချခံခဲ့ရပါတယ်။
လွှတ်တော်အမတ်တွေ ထောက်ခံတဲ့ သဘောတူညီမှုမျိုးရဖို့ အတိုက်အခံ Labour ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပေမဲ့လည်း ဆွေးနွေးမှု ပျက်ခဲ့ပါတယ်။ EU နဲ့ ဗြိတိန်ကြား နုတ်ထွက်ပြီးနောက် လိုက်နာရမယ့် သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ အစိုးရအဖွဲ့ဝင်တချို့လည်း နုတ်ထွက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5