၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေး ရန်ပုံငွေလိုအပ်နေ

မြန်မာနိုင်ငံ မြေပုံ။

၂၀၁၄ ခုနှစ်မှာ ရည်မှန်းထားတဲ့အတိုင်း မြန်မာတပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ နဲ့ နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရှင်အဖွဲ့တွေက ယုံကြည်လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံတဝှမ်း သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ရန်ပုံငွေတွေလည်း သန်းချီလိုအပ်နေဆဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ကနေ စတင်ပြီး ဧပြီလအထိ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့လူဦးရေ ကိန်းဂဏန်း အပြည့်အစုံ အချက်အလက် ရရှိနိုင်ရေး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီတစ်ကြိမ် ကောက်ခံနိုင်ခြင်းဟာ နှစ်ပေါင်းသုံးဆယ်ကာလအတွင်း ပထမဆုံး ကောက်ခံနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က လုပ်ငန်းတာဝန်ခံတဦးဖြစ်တဲ့ ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ စမ်းသပ် သန်းခေါင်စာရင်းပြီးတဲ့နောက်မှာ ကျနော်တို့က ဆက်သွယ်ရေးနယ်ပယ်မှာ အားနည်းနေတဲ့ အတွက်ကြောင့်မိုလို့၊ ကျနော်တို့က အဲဒီနယ်ပယ်ကို ပြန်အားဖြည့်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်မှု အကူအညီတွေ ရယူတာရှိပါတယ်။ ရှိထားတဲ့အခါ ကျတော့ ကျနော်တို့ နဂိုကတွက်ထားတဲ့ ဘတ်ဂျက်ကို ပြန်ပြီးတော့ ပြင်ဆင်တဲ့အခါမှာ သူက ၅၅ သန်းလောက် ဖြစ်နေတယ်။ ၅၅ သန်းကျော်ကျော်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ အခုရနေတာက သြစတြေးလျနိုင်ငံက ၃ သန်းပေါ့နော်။ အမေရိကန် ဒေါ်လာနဲ့ဆိုရင်တော့ ၂.၈ သန်းကျော်ကျော်လောက် ရတယ်။ အလားတူပဲ ပြီးခဲ့တဲ့ သုံး-လေးရက်ကမှ ယူကေ အစိုးရက မြန်မာနိုင်ငံအစိုးရကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီတွေ ပေးမယ်ဆိုပြီးတော့ သန်း ၂၀ ကြော်ငြာပါတယ်။ ကတိပြုတာပေါ့နော်။ အဲဒီအထဲမှာ သန်း ၂၀ ထဲက ပေါင် ၁၀ သန်းသည် ကျနော်တို့ သန်းခေါင်စာရင်းလုပ်ငန်းအတွက် အကူအညီပေးမယ်ဆိုပြီး သူတို့က ဖော်ညွှန်းထားတာ။ အလားတူပဲ ကျနော်တို့ UNFPA က နော်ဝေအစိုးရဆီကနေ အကူအညီရဖို့အတွက် လုပ်နေတာက အမေရိကန်ဒေါ်လာ ၇ သန်းလောက် ရှိပါတယ်။ ဆိုတော့ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် ကျနော်တို့ ဘယ်လောက်ရှိနေလဲဆိုတော့ ၁၆.၆ သန်းကျော်ကျော်လောက် ငွေလိုနေတာဖြစ်နေပါတယ်။”

အခုလို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာ နိုင်ငံတကာအဆင့်အတန်းမီ ကောက်ခံနိုင်အောင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က လိုအပ်တဲ့နည်းပညာ ပံ့ပိုးမှုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပူးပေါင်းပါဝင်ကြမှာဖြစ်တယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

“ဒီ သန်းခေါင်စာရင်ကြီးသည် မြန်မာနိုင်ငံအတွက် အနာဂတ်အတွက် အရမ်းကို အရေးကြီးတဲ့ကိစ္စပါ။ သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာရှိတဲ့ စာရင်းဇယား အခြေအနေတွေကလည်း ဘာပဲဖြစ်ဖြစ်၊ development planning အတွက်က တော်တာ်ကို reliable ဖြစ်တော့ဖြစ်တယ်။ ဒါပေမဲ့ sufficient မဖြစ်ဘူးပေါ့နော်။ လုံလောက်မှုမရှိဘူး။ အဲဒါကြောင့်မိုလို့ development planning မှာသုံးဖို့အတွက် အခြေခံအချက်အလက်တွေက လိုတယ်။ နောက်တခါကျတော့ နောင် အနာဂတ်မှာလုပ်မယ့် စစ်တမ်းတွေ ကောက်ယူဖို့အတွက် ကလည်း ကျနော်တို့ အခြေခံတွေ လိုတယ်။ အဲဒါတွေ ရဖို့အတွက်ဆို တိုင်းပြည်အတွက်တော့ အရမ်းကို အရေးကြီးပါတယ်။”

မြန်မာနိုင်ငံတဝှမ်းလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ လိုအပ်တဲ့နည်းပညာပိုင်း၊ ပညာရှင်တွေကို ပံ့ပိုးပေးကြသလို အလှူရှင်နိုင်ငံတွေကလည်း အလှူငွေတွေ ထောက်ပံ့ပေးကြပေမဲ့လို့ ယာထားချက် အမေရိကန်ဒေါ်လာ ၅၅ သန်းကျော် ကုန်ကျနိုင်မှာဖြစ်လို့ အခုလက်ရှိ ၁၆ သန်းကျော် ရန်ပုံငွေ လိုအပ်နေတယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလက ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ဦးဆောင်တဲ့ စမ်းသပ် သန်းခေါင်စာရင်းကောက်ခံခြင်း (Pilot Census) ကို မြို့နယ် ၂၀ က လူဦးရေငါးသောင်းကို ကောက်ခံယူနိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်ကောက်ခံချက် အရ မြန်မာပြည်သူတွေကြားထဲမှာ သန်းခေါင်စာရင်း ကောက်ခံယူတဲ့နေရာ မှာ မေးခွန်းတွေအပေါ် နားလည်မှုရှိရဲ့လား ဆိုတဲ့ အားနည်းချက် အားသာချက်တွေကို ရှာဖွေလေ့လာခဲ့ကြတယ်လို့ ဦးဝင်းမြင့်ကဆိုပါတယ်။

မြန်မာနိုင်ငံတွင်း သန်းခေါင်စာရင်းကောက်ယူတ ဲ့စီမံကိန်းရေးဆွဲရေး နဲ့ နိုင်ငံတကာအဆင့်မီ ကောက်ခံနိုင်အောင် လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည် ဖော်နိုင်ရေးအတွက် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်နဲ့ ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သန်းခေါင်စာရင်း ကောက်ခံခြင်းဆိုင်ရာ ပညာရှင်တွေက ဝိုင်းဝန်းအားဖြည့် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့နေ့စွဲနဲ့ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။