ကိုဗဈကာလ ရှေးကောကျပှဲအသိပညာပေးမှု

Triangle Women အမျိုးသမီးအဖွဲ့ရဲ့ မခင်လေး

Your browser doesn’t support HTML5

ကိုဗဈကာလ ရှေးကောကျပှဲအသိပညာပေးမှု

နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပါဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ၊ မဲဆွယ်စည်းရုံးသူတွေကို သင်တန်းပေးတာအပါအဝင် Triangle Women အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းတွေ COVID-19 ကြောင့်ထိခိုက်နေတယ်လို့ Triangle Women အဖွဲ့ဒါရိုက်တာ မခင်လေးကပြောပါတယ်။ လူစုလူဝေးနဲ့ အသွားအလာ အခက်အခဲတွေရှိနေတဲ့ကာလမှာ ခုလို လူထုအခြေပြုအဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေ မလုပ်နိုင်ရင် ရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါလဲ။ မစုမြတ်မွန်က မခင်လေးကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မခင်လေး။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်။။ မခင်လေးတို့ရဲ့ Triangle Women အမျိုးသမီးအဖွဲ့ကဆိုရင် အမျိုးသမီးများစွမ်းဆောင်ရေးကို မြှင့်တင်ပေးနေတဲ့ အသိပညာပေးသူတွေကို လုပ်နေတယ်။ အခုလိုမျိုး ကိုဗစ်ကာလမှာ အသွားအလာတွေလဲ အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ အမတို့ လုပ်ငန်းတွေကို ဘယ်လိုမျိုး လုပ်နေပါလဲ။

ဖြေ ။ ။ ပထမပိုင်းတော့ စစဖြစ်ချင်းတော့ ဘာမှမလုပ်နိုင်ဘူးပေါ့။ ကိုယ်တွေလဲ ဘယ်လိုဆက်ပြီး လုပ်ရမလဲဆိုတာကို စဉ်းစားကြရင်းနဲ့ ကိုယ့်ရဲ့ရုံးက Team ကလဲ သူတို့ Safety အတွက်လဲ စဉ်းစားကြတော့ ကျမတို့ ဘာမှမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျမတို့ ပြန်ပြီးတော့ Messenger, Viber တွေနဲ့ နယ်တွေမှာရှိတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ပြန်ပြီးဆက်သွယ်ပြီးတဲ့အခါမှာ သူတို့အဆင်ပြေပြီလား။ သူတို့အတွက် ဒီလိုအစီအစဉ်တွေလုပ်ရင် ရမလားဆိုတာမျိုးတွေနဲ့ သူတို့နဲ့ပြန်မိတ်ဆက်၊ ကျန်းမာကြလား။ ကိုဗစ်ကာလမှာ ဘေးကင်းကြရဲ့လားဆိုတာတွေ မေးမြန်းဆက်သွယ်ပြီးတော့ Online ကနေ Messenger Group, Viber Group တွေနဲ့ ပြန်ဆက်သွယ်ပြီးတော့ အသိပညာပေးအလုပ်တွေ တိုက်ရိုက်မစသေးပေမယ့်၊ အကယ်၍ ဒီလိုလုပ်ရင် အဆင်ပြေမလားဟာမျိုးနဲ့ ကျမတို့မေးတယ်။ နောက်ပိုင်းကတော့ အသိပညာပေးနဲ့ ပတ်သက်တဲ့ Short Clip လေးတွေ Video Clip လိုဟာမျိုးလေးတွေ မျှဝေပေးတာမျိုးတွေ။ ပြီးတော့ ကျမတို့ရဲ့အဖွဲ့ Online Page ကနေ သိသင့်တဲ့ဟာလေးတွေ မျှဝေနိုင်တာလေးတွေကိုတော့ စမ်းပြီးတော့ စလုပ်ကြည့်နေပါတယ်။

မေး ။ ။ အခုလို Online ကနေ အခုလိုမျိုး စပြီးလုပ်နေပြီဆိုတော့ တကယ်တမ်းကြတော့ အမတို့က မြို့တွေသာမကဘူး၊ ကျေးလက်ရပ်ရွာတွေကို သွားပြီးတော့ အသိပညာပေးအလုပ်တွေ လုပ်တယ်ဆိုတော့ အဲဒီလိုလုပ်တာလောက်ကိုကော ထိရောက်မှု ရှိနိုင်ရဲ့လားရှင့်။

ဖြေ ။ ။ အမှန်တကယ်ပြောရရင်တော့ ဘယ်ရှိမလဲ။ ဘယ်ရှိမလဲဆိုတာက ကျမတို့က အခုနကပြောသလိုပဲ သင်တန်းပေးရုံတင်မဟုတ်ဘူး။ ရပ်ရွာထဲက လူထုတွေ၊ ကျေးလက်မှာရှိတဲ့၊ အခြေခံမှာရှိတဲ့လူတွေကို အသိပညာပေးတဲ့ အလုပ်တွေ လုပ်တာဖြစ်တဲ့အတွက် သူတို့ဆီကို ကိုယ်တိုင်သွားပြီးတော့ သေသေချာချာ နားပေါက်အောင် ပြောတာတောင်မှ သူတို့က နားဝင်ချင်မှဝင်တာပါ။ အခုကြတော့ Online က ဆက်သွယ်တယ်အခါမှာ ဘယ်နှစ်ယောက်မှာ၊ အင်တာနက်ကွန်နက်ရှင်ကောင်းတဲ့ အဆက်အစပ်နဲ့ ဖုန်းတွေ ရှိနေပြီလဲ။ ဖုန်းကောင်းကောင်း ရှိကြရဲ့လား။ အဲဒါတွေက လုံးဝမသေချာနိုင်ဘူး။ ဆိုတော့ တော်တော်လေး ခက်ခဲပါတယ်။ တကယ်တမ်း ရန်ကုန်မြို့ပေါ်မှာနေတဲ့ အချင်းချင်း Online ကနေ Virtual Meeting တွေ လုပ်တာတောင်မှ အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Wi-Fi ရှိတဲ့လူ ရှိတယ်။ Wi-Fi မရှိတဲ့လူ ရှိမယ်။ ဖုန်းရဲ့ မိုဘိုင်ဒေတာကိုပဲ သုံးရတာရှိတယ်။ Wi-Fi သုံးနေရင်က မီးကပျက်သွားတာမျိုး ဆိုတဲ့အခါကြတော့ တော်တော်အဆင်မပြေပါဘူး။ နောက်တခုက ကျမတို့က အမျိုးသမီးတွေနိုင်ငံရေးမှာ ပိုပါဝင်နိုင်ဖို့အတွက် အမျိုးသမီးတွေကို နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းတွေလည်း ပေးပါတယ်။

ကိုဗစ်ကာလမတိုင်ခင်ကတည်းက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ဆိုရင် ကျမတို့ အမျိုးသမီးတွေ အများကြီးကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်စေချင်တယ်။ နောက်တခုက အမျိုးသမီး Campaign Manager တွေ ပိုပေါ်လာစေချင်တယ်။ နောက် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီးတွေသာ ပိုပြီးတော့ များများပံ့ပိုးပြီးတော့ လူထုကြားထဲမှာ ပိုပြီးတက်တက်ကြွကြွနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းကို လူထုတွေ ပိုသိအောင်လုပ်ချင်တဲ့ အစီအစဉ်တွေကို ကျမတို့ သင်တန်းတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ဒီလိုကိုဗစ်ကာလ ဖြစ်သွားတဲ့အတွက် ကျမတို့ရဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲဆိုတာလဲ အားလုံးသိတဲ့အတိုင်းပဲ သူ့မှာကာလအကန့်အသတ် ရှိတယ်။ နိုဝင်ဘာ Campaign Period ဆိုရင် ရွေးကောက်ပွဲမတိုင်မီဆိုတော့ တော်တော်လေး အဲဒီအစီအစဉ်တွေက အခုမလုပ်ရတော့ ကျမတို့အတွက် တော်တော်လေး အခက်အခဲဖြစ်တယ်လို့ ပြောလို့ရပါတယ်ရှင့်။

မေး ။ ။ မခင်လေးတို့အနေနဲ့ မခင်လေးတို့ဘက်က ဘယ်လိုမျိုး အရင်တုန်းက အတွေ့အကြုံတွေအရ ဘယ်လိုမျိုး သင်တန်းတွေကို ပေးခဲ့ဖူးတာ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျမတို့ကတော့ Campaign Management ခေါင်းစဉ်အောက်မှာတော့ အကုန်ပါတာပေါ့။ လူထုရှေ့မှာ စကားပြောတဲ့ အတတ်ပညာ၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ Campaign Manager တယောက်ရဲ့ တာဝန်ဝတ္တရား၊ ခေါင်းဆောင်မှုဆိုတာ ဘာလဲ။ ခေါင်းဆောင်မှုဆိုတာ လူတိုင်းက အမတ်ဖြစ်မှ၊ ပါတီမှာ တာဝန်ကြီးကြီးယူမှ မဟုတ်ဘူး။ လူတိုင်းဟာ ခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေး ရှိလို့ရှိရင်၊ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ပြီးတော့ လုပ်နိုင်တဲ့အတွက် ခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေးကိစ္စတွေ၊ Debate Skill - လွှတ်တော်ထဲ ရောက်သွားပြီဆိုရင် ငြင်းခုန်တဲ့ဟာကို ကျမတို့က အနုပညာဆန်ဆန်၊ ပညာရပ်ဆန်ဆန်လုပ်ဖို့။ ငြင်းခုန်ဆွေးနွေးတယ်ဆိုတာ ရန်ဖြစ်တာ မဟုတ်ဘူးဆိုတဲ့ဟာမျိုးကိုလဲ သူတို့သိရအောင်လို့ ဒါမျိုးတွေနဲ့ ကျန်တဲ့ဟာကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်လေးတွေ။ အခြေခံဥပဒေက ဘာတွေရှိတယ်။ နောက်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာဆိုရင် သိထားရမယ့်ဟာ။ ဆောင်ရန်ရှောင်ရန်တွေ။ အရင်တုန်းက ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းဖူးတဲ့ ကိုယ်စားလှယ်တွေ။ နောက် Campaign Manager တွေရဲ့ ကိုယ်တိုင်လာရောက်ဆွေးနွေးပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ ဖလှယ်မျိုးတာတွေ။ ဒါမျိုးတွေကို ကျမတို့က ပုံမှန်တောက်လျှောက်လုပ်ဖြစ်ပါတယ်။ ဒါတွေကလဲ သူတို့အတွက် အများကြီးအသုံးဝင်ပါတယ်။

နောက်တခုက အခုက ကိုဗစ်ကာလဖြစ်တာနဲ့ ခေတ်ကာလနဲ့အတူ ပိုပြီးတော့ တိုက်ဆိုင်သွားတဲ့ကိစ္စတခုကတော့ Online Media ကို သုံးပြီးတော့ လူထုကို ဘယ်လိုစည်းရုံးလှုံဆော်မလဲဆိုတဲ့ ကိစ္စလေးပါ။ ဒါက အခုအချိန်မှာဆိုရင် လူထုကြားထဲဆင်းလို့ မရတဲ့အချိန်ဆိုရင် ပိုတောင်ကိုက်တယ်လို့ ကျမထင်တယ်။ အဲဒီကာလတွေ လွန်ခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်ထဲက ကျမတို့ သင်တန်းတက်တဲ့လူတွေကို ပြောခဲ့ဖူးတယ်။ တအိမ်တက်ဆင်း လိုက်ပြီးတော့ Pamphlet တွေဝေ၊ အားပေါက်အောင် ပြောတာလဲ အလုပ်တခုဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ Campaign ဆင်းတာသည်၊ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ Facebook ကို အသုံးပြုပြီးတော့ လူထုကြားထဲမှာ ဘယ်လို မီဒီယာကို အသုံးများသလဲ။ ဘယ် Application အသုံးများသလဲ။ အဲဒါတွေကို အသုံးချပြီးတော့ လူထုကြားထဲမှာ စည်းရုံးလှုံဆော်မှုတွေ လုပ်ရင်လဲ။ လူလည်းမပင်းပန်ဘူး။ ငွေကြေးလည်း အများကြီးကုန်ကျမများဘဲနဲ့ လုပ်လို့ရတယ်ဆိုပြီးတော့ ကျမတို့ တောက်လျှောက်ပြောခဲ့တယ်။ အခုဆိုရင် ကိုဗစ်ကာလဆိုရင် ပိုတိုက်ဆိုင်သွားတာပေါ့။ အခုဆိုရင် လူတွေအပြင်မထွက်ကြဘူး။ အစိုးရက တာဝန်ရှိတဲ့လူတွေကလဲ (၅) ယောက်ထက် ပိုပြီးတော့ စုရုံးခွင့်၊ စုဝေးခွင့် မရှိဘူးဆိုတဲ့အခါမျိုးမှာတော့ Facebook ကို အသုံးပြုပြီးတော့ - မြန်မာပြည်မှာက Facebook က လူတိုင်း သုံးကြတယ်။ ကျန်တဲ့နိုင်ငံတွေမှာတော့ အခြား Media Platforms တွေ ရှိကြပေမယ့်၊ မြန်မာပြည်မှာတော့ Facebook ကို သုံးပြီးတော့ လူတွေဆီ များများရောက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုတော့ ပိုစဉ်းစားသင့်တယ်လို့ ပြောခဲ့တာတွေ ရှိတယ်။ အခုလဲ အခြားလွှတ်တော်ကိုယ်စားလှယ်တွေကိုလောင်းတွေနဲ့ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီသား၊ အခုထပ်မံပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်လူတွေက ဒါတွေကို သူတို့တော်တော်လေး နားလည်ကျင့်သားရသွားပြီ။ ကျမတို့ ကိုဗစ်ကပေးတဲ့ အကောင်းဆုံး သင်ခန်းစာက Virtual ကို အသုံးချပြီးတော့ လူတွေကြားမှာ ဆက်သွယ်လို့ရတဲ့ဟာကိုလဲ သူတို့နည်းနည်း ကျင့်သားရသွားပြီဆိုတော့ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင်တော့ Online Media အသုံးပြုတဲ့ Campaign တွေလဲ တော်တော်လေး တွင်ကျယ်လာလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။

မေး ။ ။ ရွေးကောက်ပွဲဆိုတာက ပြည်သူတွေကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့ အကောင်းဆုံး ရွေးချယ်နိုင်ခွင့်တခုဆိုတော့ အဲဒီအပေါ်မှာ လူထုကြားမှာ အထူးသဖြင့် အမျိုးသမီးတွေကြား တော်တော်လေး သိရှိသဘောပေါက်ပြီးတော့ သူတို့ကိုယ်တိုင် ပါဝင်သင့်တယ်ဆိုတဲ့ အသိအမြင်တွေ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလို့ မြင်ပါသလားရှင့်။

ဖြေ ။ ။ အဲဒါကတော့ တော်တော်ပြောရခက်ပါတယ်။ ပြောရခက်တယ်ဆိုတာ ကျမတို့ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေကလဲ ပြည်နယ်နဲ့တိုင်းတွေမှာလဲ မတူဘူး။ ဖွံ့ဖြိုးမှု နောက်ကျတဲ့နေရာတွေမှာဆိုရင် သူတို့အတွက် နိုင်ငံရေးတို့၊ ကျန်တဲ့ကိစ္စတွေ ဆိုတာထက်၊ သူတို့အသက်ရှင် ရပ်တည်ရေး၊ စစ်မက်တွေကနေ ဝေးရာကို ထွက်ပြေးဖို့အတွက်ပဲ လုံခြုံရာနေရာပဲ ရှာနေရတဲ့အခါကြတော့ ဒီဟာတွေက တော်တော်လေး သူတို့စဉ်းစားမှုထဲမှာ နောက်ဘက်မှာ ရောက်နေမယ်လို့ ထင်ပါတယ်။ အခုလို မြို့ကြီးပြကြီးတွေမှာဆိုရင်တော့ နိုင်ငံရေးမှာ ဘယ်သူတက်မှာလဲ။ ဘယ်သူကို ရွေးချယ်မှာလဲ ဆိုတာမျိုးတွေကိုတော့ သူတို့ စိတ်ဝင်စားကောင်း၊ စိတ်ဝင်စားကြလိမ့်မယ်။ ဒါပေမဲ့ အခုကာလမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ လူတဦးတယောက်ချင်းကို ရွေးချယ်မှုကိုလဲ ၂၀၂၀ မှာတော့ လူထုက နည်းနည်းလေး ပိုစိတ်ဝင်စားမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျမက လူထုကို အထင်သေးပြီး ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမတို့လူထုမှာ တဦးချင်းတယောက်ချင်း ဒီပုဂ္ဂိုလ်က ဒီမြို့နယ်မှာ လာယှဉ်ပြိုင်မယ်။ ဒီကိုယ်စားလှယ်ရဲ့ သူ့ရဲ့ Biography ပဲဖြစ်ဖြစ်၊ သူ့ရဲ့ ဖြတ်သန်းမှုကိုပဲဖြစ်ဖြစ် သေချာလေ့လာပြီးမှ မဲပေးတဲ့ လူတွေကတော့ အရင်တုန်းက အတွေ့အကြုံက တော်တော်နည်းခဲ့တယ်။

ဘာလို့လဲဆိုတော့ ကျမ သင်တန်းတွေ ပေးတဲ့အခါမှာ အမြဲတန်းမေးဖြစ်တယ်။ တကယ်ပဲ ကိုယ့်မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် (၄) ယောက်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး (၂) ဦး၊ များသောအားဖြင့် (၄) ဦိး ရှိတယ်။ အဲဒီ (၄) ဦး နာမည်ကို သိတဲ့လူ ဘယ်သူရှိသလဲဆိုရင် ရန်ကုန်မြို့လို့ နေရာမျိုးမှာတောင် လေးဦး နာမည်ကိုသိတဲ့လူ တော်တော်ရှားပါတယ်။ ဒါတောင် ကျမတို့ CSO လိုမျိုး လောကထဲက အစစအရာရာ သူများအရေး၊ ကိုယ့်အရေး စိတ်ဝင်စားတဲ့ လူတွေတောင် သိမှု ရှားပါတယ်။ ဆိုတော့ အဲဒါမျိုးတွေကတော့ အခုအချိန်အထိ ရှိနေဆဲပါ။ ၂၀၂၀ အထိလဲ ဒီလိုတော့ရှိမယ်။ ဒါပေမဲ့ အဲဒီအထဲမှာမှ နိုင်ငံရေးကို စိတ်ဝင်စားပြီး စူးစူးစိုက်စိုက်နဲ့ အာရုံထားသူတွေလဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက လူနည်းစုလို့ ပြောလို့ရတယ်။ သူတို့စိတ်ဝင်စားတာက ဘယ်ပါတီ တက်မလဲ။ သူတို့အတွက် အပြောင်းအလဲကောင်း ဘယ်သူလုပ်ပေးနိုင်မလဲ။ မီးမှန်၊ ရေမှန်၊ ကားလမ်းတွေကောင်းအောင်၊ ဆေးရုံတွေကောင်းအောင် ဘယ်သူလုပ်ပေးနိုင်မလဲ ပေါ်မှာပဲ သူတို့က မျှော်လင့်နေတယ်လို့ ကျမ ပြောလို့ရပါတယ်။

မေး ။ ။ အဲဒီတော့ အခုလို ပြောသလိုဆိုရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အသိပညာပေးမှုပိုင်းမှာ မခင်လေးတို့လို Civil Society အဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေရဲ့ ပံ့ပိုးမှု၊ ကူညီမှုတွေ၊ အသိပညာပေးမှုတွေက အများကြီးလိုအပ်ပါတယ်ဆိုတော့ အဲဒီလိုမျိုးတွေကို လုပ်ဖို့၊ ကိုဗစ်ကြောင့်မို့ လုပ်ဖို့ အခက်အခဲ ရှိနေတယ်ဆိုလို့ရှိရင်ကော ရွေးကောက်ပွဲပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ ပြောလို့ရပါသလားရှင့်။

ဖြေ ။ ။ ရပါတယ်။ အများကြီးသက်ရောက်မှု ရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နေရာမျိုးတွေမှာဆိုရင် ပိုပြီးတော့ သက်ရောက်မှု ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အရင်တုန်းကဆိုရင် Voter Education ဆိုတာကို ပေးတယ်။ ဘယ်သူကို ပေးရမလဲ။ မှန်ကန်တဲ့ ရွေးချယ်မှုကို အမြင်ဖွင့်ပေးတာ အသာထား။ မဲပေးရင် ဘယ်လိုပေးရမလဲဆိုတဲ့ဟာတောင် မသိနေတဲ့ဟာ။ ဘယ်ပါတီတွေကတော့ ဘာတွေကို ကိုယ်စားပြုပြီးတော့ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာကို မသိနေတာတွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျေးလက်ဒေသတွေမှာဆိုရင် စာကောင်းကောင်းမွန်မွန် ဖတ်တတ်ချင်မှ ဖတ်တတ်မယ်။ နောက်တခုကတော့ တိုင်းရင်းသားဒေသတွေမှာဆိုရင် သူတို့က မြန်မာလို ကျမတို့ရဲ့ မဲပေးတဲ့ စာရွက်တွေမှာက မြန်မာလိုပဲ ရေးထားကြတယ်။ အဲဒီတော့ တိုင်းရင်းသားဒေသမှာ မြန်မာစာ မတတ်တဲ့လူတွေ အများကြီးရှိတယ်။ အဲဒီလို လူမျိုးတွေအတွက်ကော ကျမတို့ ဘယ်လိုမျိုး စဉ်းစားပေးမလဲဆိုတော့ ဒါက ကျမတို့လို အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စိန်ခေါ်မှု ရှိတယ်။ Voter Education မဲဆန္ဒရှင် ပညာပေးအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ၂၀၁၅ တုန်းကလဲ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ကျမတို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်ကြတာ မဟုတ်ဘူးပေါ့။ အခုကာလမှာ ကိုဗစ်နဲ့ တိုက်ဆိုင်ပြီးတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ၊ ရောဂါကူးစက်မှု များမှာစိုးလို့ စည်းကမ်းထိန်းချုပ်မှုတွေ များလာလို့ရှိရင်၊ ရှိနေဆဲဆိုရင် ဒါက အကန့်အသတ် ဖြစ်မယ်လို့ထင်တယ်။ အဲဒါအပြင် နောက်ထပ် ဘာဖြစ်နိုင်လဲဆိုရင် လူထုကြားထဲမှာ ကျမတို့က ရွေးကောက်ပွဲကို လူတွေ စိတ်ဝင်စားအောင်၊ မဲတွေထွက်ပေးလာအောင် ဘယ်သူကိုပေးပေး၊ သူတို့ရဲ့ ရွေးချယ်မှုက လွတ်လပ်တဲ့ ရွေးချယ်မှုဖြစ်တယ်။ သူတို့ကြိုက်တဲ့လူကိုပေး။ ဒါပေမဲ့ နိုင်ငံသားတယောက်အနေနဲ့ မဲပေးရမယ့် တာဝန်ဝတ္ထရား ရှိတယ်ဆိုတဲ့ဟာကိုတောင် ကျမတို့ အသိပညာပေး လုပ်ရမယ့်အလုပ်တွေက နည်းနည်းခက်ခဲမယ်လို့ ထင်တယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ် မခင်လေးရှင့်။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားတဲ့အတွက်။ Triangle Women အမျိုးသမီးအဖွဲ့ ဒါရိုက်တာ မခင်လေးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကျမ စုမြတ်မွန်ပါ။

====Unicode ====














