ထားဝယ်ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ အပိုင်း (၁)

  • ဇော်ဝင်းလှိုင်

Your browser doesn’t support HTML5

ထားဝယ်ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ အပိုင်း (၁)

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ နှစ်အတန်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ထားဝယ်ရေနက်စီမံကိန်းနဲ့ စီးပွားရေးဇုံတို့ကို မကြာခင်မှာ ပြန်လည် စတင်နိုင်ဖို့ ပြင်ဆင်နေတာမှာ အခြေအနေ ဘယ်လို ရှိပါသလဲ၊ ဘယ်လို လိုအပ်ချက်တွေ တွေ့နေရပါသလဲ။ "ထားဝယ် ရေနက်စီမံကိန်းနဲ့ အထူးစီပွားရေးဇုံ အပိုင်း (၁)" အထူးအစီအစဉ်ကို ကိုဇော်ဝင်းလှိုင်က စီစဉ်တင်ဆက်ထားပါတယ်။

မေး ။ ။ မြန်မာနဲ့ ထိုင်းအစိုးရတို့ကြား ထားဝယ်ရေနက်စီမံကိန်း နဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ၂၀၀၈ ခုနှစ် မေလမှာ MOU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ဒီစီမံကိန်းကို ဆောက်လုပ်ဖို့ ကန်ထရိုက်ရခဲ့တဲ့ Italian-Thai Development (ITD) ကုမ္ပဏီက ဦးဆောင်ပြီး ၂၀၁၁ ခုနှစ်မှာ စီမံကိန်းကို စတင်အကောင်အထည်ဖော် ခဲ့တာပါ။ ဒါပေမဲ့ စီမံကိန်း စတင်ပြီး တစ်လလောက်အကြာမှာတော့ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ၊ စီမံကိန်းအတွင်း အကြုံဝင်နေပါတဲ့ လယ်ပိုင်ရှင်တွေကို လျော်ကြေးပေးရတဲ့ ငွေပမာ၊ အမေရိကန်ဒေါ်လာ (၃၃) သန်း ရှိခဲ့ပြီး၊ ထင်ထားတာနဲ့ များလွန်တာထက်အပြင်၊ မျှော်လင့်ထားသလောက် ငွေပင်ငေရင်း အများအပြားနဲ့ ရင်းနှီးမြုပ်နံှမှုတွေ ရှိမလာတာကြောင့် ၂၀၁၃ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့ရပါတယ်။ တကယ်လို့ စီမံကိန်း ပြီးစီးပြီ လုပ်ငန်းတွေ စတင်နိုင်ရင်တော့ ဒီ ထားဝယ်ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်တို့ဟာ အရှေ့တောင်အာရှတိုက်အတွင်း အကြီးဆုံး စီမံကိန်းကြီး ဖြစ်လာမှာပါ။ ဒါကြောင့်လဲ ရပ်ဆိုင်းထားရတာ (၅) နှစ်လောက် ကြာလာပြီဖြစ်ပေမယ့် ဒီ စီမံကိန်းကို ပြန်စနိုင်ဖို့ မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးရတို့ ကြိုးပမ်းခဲ့ရာမှာ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ၂၀၁၈ ခုနှစ် မကုန်ခင်လောက်မှာ ပြန်စနိုင်မှာဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲမော် က ပြောပါတယ်။

ဖြေ ။ ။ ယခင်အစိုးရနဲ့လည်း စာချုပ်တွေ အများကြီး ချုပ်ဆိုခဲ့ပါတယ်။ ကျမ သိရသလောက် စာချုပ် (၈) ခုလောက် ကြီးကြီးမားမား ရှိပါတယ်။ Italian-Thai Company နဲ့က Initial Phase (1) ဧက ငါးထောင်ကျော်ကို Italian-Thai Company နဲ့ စာချုပ်ချုပ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Italian-Thai က ဆောင်ရွက်နိုင်သည်ဖြစ်စေ၊ မဆောင်ရွက်နိုင်သည်ဖြစ်စေ သူတို့စာချုပ် ချုပ်ဆိုခဲ့တဲ့ Area ကိုတော့ ကျမတို့က ထားပစ်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် Second Phase အနေနဲ့ သူတို့စာချုပ်အရ Full Phase လို့ ခေါ်ပါတယ်။ Full phase ကို ဘာတွေနဲ့ စာချုပ်ချုပ်ခဲ့သလဲဆိုရင် မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးရတို့နဲ့ ချုပ်ဆိုခဲ့တာပါ။ အဲဒီစာချုပ် စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ကျမတို့ Full Phase ကို စတင်ပြီးဆောင်ရွက်ဖို့အတွက် ဂျပန် JICA အဖွဲ့က Master Plan ဆွဲနေပါတယ်။ ကျမတို့ ၂၀၁၈ ဇွန်လဆိုရင် Master Plan အပြီးသတ်ပါပြီ။

ကျမတို့ကို ကြားဖြတ်အစီရင်ခံစာဆိုပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၇ ဒီဇင်ဘာမှာ ကျမတို့ကို တခါရှင်းပြခဲ့ပါတယ်။

မေး ။ ။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒီရေနက်စီမံကိန်းဟာ အင်မတန် အရေးပါကြောင်းကိုလည်း ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော် က ပြောပါတယ်။

ဖြေ ။ ။ ကျမတို့ ထားဝယ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရေနက်ဆိပ်ကမ်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါက Southeast Corridor လို့ခေါ်တဲ့ အရှေ့တောင်အာရှရဲ့ တကယ့် ခရီးသွားလမ်းမကြီးပေါ်မှာ ရှိတဲ့အတွက်ကြောင့် ဒီ Port ကြီးသာ အောင်မြင်သွားခဲ့ရင် ကျမတို့ဒေသရဲ့ စီးပွားရေးလည်း အဆမတန် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ စီမံကိန်းအတွက် ပြီပြည့်စုံတဲ့ အစီရင်ခံစာကိုတော့ အခုနှစ် ဇွန်လမှာ ထွက်လာမှာဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးရတို့ကလည်း အစီရင်ခံစာတွေမှာပါတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေနက်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စီမံအုပ်ချုပ်ရေးကော်မတီ ရှိထားပြီဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအနေနဲ့က ဒေသန္တရအစိုးရ ဖြစ်တာနဲ့အညီ ရေ၊ လျှပ်စစ် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲမော် က ပြောပါတယ်။ ဂျပန်နိုင်ငံက JICA အနေနဲ့ မူလက ထားဝယ်ရေနက်ဆိပ်ကမ်းအတွက်သာ စီမံကိန်းရေးဆွဲပေးဖို့ ရှိပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကြောင့် တနင်္သာရီတိုင်းကမ်းမြောင်းဒေသတခုလုံးအတွက် Master Plan ကို ရေးဆွဲခိုင်းထားတယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ တနင်္သာရီတိုင်း အစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။ ရေနက်စီမံကိန်းနဲ့ စီးပွားရေးဇုန်တို့က ရရှိလာမယ့် အကျိုးအမြတ်ကို မြန်မာ၊ ထိုင်း၊ ဂျပန် (၃) နိုင်ငံ အချိုးတူ အကျိုးခံစားခွင့်ရှိမှာလို့ ပြောပါတယ်။

မူလက အမေရိကန်ဒေါ်လာ (၈.၆) ဘီလီယန် အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဒီစီမံကိန်းကြီးတခုလုံး ရုတ်တရက် ရပ်တန့်သွားခဲ့တာဟာ အပြင်က ကြည့်နေသူတွေအတွက်တော့ အံ့သြသင့်စရာပါ။ ဒီစီမံကိန်း ရပ်တန့်သွားတဲ့ အကြောင်းရင်းတွေထဲမှာ Italian-Thai Company နဲ့ မြန်မာအစိုးရဘက်တွေမှာ အားနည်းချက်တွေရှိကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ရှင်းပြပါတယ်။

ဖြေ ။ ။ ရေရှည်စီမံကိန်း လုပ်ရမယ့်အပိုင်း ဇုန်ကြီးတခု ဖြစ်တယ်။ ဧကပေါင်း လေးသောင်းရှစ်ထောင်ဆိုတဲ့ ဧက က တော်တော်လေးကို ကြီးပါတယ်။ အရှေ့တောင်အာရှမှာတောင် အကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လဲ Italian-Thai ကလည်း သူ့ရဲ့ ဘတ်ဂျက် သုံးစွဲနိုင်မှု အတိုင်းအတာနဲ့ ဆောင်ရွက်နေတော့ သူကိုလည်း ရပ်တန့်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ အခုနပြောသလို Initial Phase ကို ဆက်လုပ်ခိုင်းမယ်။ ကျန်တဲ့အပိုင်းကိုတော့ (၃) နိုင်ငံ လုပ်သွားမယ်။

မေး ။ ။ စီမံကိန်း ပြန်စနိုင်ရေးအတွက် အဓိက အရေးပါဆုံးအချက်ဟာ အခြေခံအဆောက်အအုံပိုင်း လိုအပ်ချက်တွေ ဖြစ်ပါတယ်။

ဖြေ ။ ။ Italian-Thai က Ready ဖြစ်နေပြီလား သဘောကတော့ လက်ရှိကတော့ သူကလည်း ကျနော် အခုနပြောတဲ့ Infra သူ ဘယ်လိုပဲဆောင်ရွက်ဆောင်ရွက် ကျနော်တို့ Infra ပိုင်း အားနည်းနေသရွေ့တော့ သူလဲပဲ စက်ရုံ၊ အလုပ်ရုံပိုင်းတွေ ဖိတ်ခေါ်တဲ့အခါမှာ လာမှာမဟုတ်ပါဘူး။ ဒီဇုန်ရဲ့ ပြဿနာက Infra - အခြေခံအဆောက်အအုံ မရှိတဲ့အတွက် ရင်းနှီးမြုပ်နံှမှု မရှိတဲ့အတွက် ရင်းနှီးမြုပ်နံှမယ်လူက ဘယ်လိုပဲကောင်းကောင်း လာဖို့အခြေအနေ နည်းတာပေါ့။ မလာတာပါ။ လမ်းတခု ပြင်ဆင်ရမယ်။ နောက်တချက်က အရေးကြီးဆုံးဖြစ်တဲ့ လျှပ်စစ်ကလည်း ပြည်ထောင်စုကနေ Grid ကို ကံပေါက်ကနေ ထားဝယ်အထိ မီဂါဝပ် ၁၂၃၀ ပေးဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။ Total နဲ့ ဂျာမန် Cement နဲ့ လုပ်နေပါတယ်။ နောက် (၂) နှစ်ခွဲလောက်ဆို မျှော်လင့်ပါတယ်။ လျှပ်စစ်လည်း ရလာမယ်၊ ရေနက်ဆိပ်ကမ်းလိုင်းလည်း ပြီသွားလို့ရှိရင် အခြေခံအဆောက်အအုံဖြစ်တဲ့ ဒီနှစ်ခု ပြည့်စုံသွားရင် ဒီလုပ်ငန်းစပြီး အလားအလာကောင်းပါတယ်။

မေး ။ ။ စီမံကိန်းအတွက် အဓိကသော့ချက်ဖြစ်တဲ့ လမ်းဖောက်တဲ့လုပ်ငန်းတွေ ပြီးစီးဖို့အတွက်တင် (၂) နှစ်ခွဲလောက် ကြာနိုင်တယ်လို့ ဆိုပါတယ်။

ဖြေ ။ ။ ကျနော် အခုနပြောသလို အဓိကတော့ လမ်းပေါ့။ လမ်းကတော့ အခုစမယ်ဆိုရင်တောင် ပြီးဖို့ လ (၃၀) ကြာပါမယ်။ သူက လမ်းအူကြောင်းနဲ့ မြေသားလမ်းပဲ ပြီးထားတယ်။ နိုင်လွန်ကတ္တရာလမ်း လုပ်မယ်ဆိုရင် (၂) နှစ်ခွဲ ကြာမှာ ဖြစ်ပါတယ်။ တခြားဇုန်တွေနဲ့ မတူတဲ့အချက်တွေကတော့ သီလဝါဆိုရင် အခြေခံအဆောက်အအုံ ပြည့်စုံတဲ့ ရန်ကုန်နဲ့နီးတယ်။ မီး၊ လမ်း ပြည့်စုံတဲ့ဒေသ။ ကျနော်တို့ဒေသကတော့ သီးခြားနေရာလို ဖြစ်နေတယ်။

မေး ။ ။ တံတားအသစ်တွေ ပြန်လည်တည်ဆောက်တာနဲ့ လမ်းဖောက်လုပ်ရေးတို့အတွက် ကုန်ကျစရိတ်တွေကိုတော့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရတို့က ဆတူအကုန်အကျခံကြတာ ဖြစ်ပါတယ်။ စက်မှုဇုန် လည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်ချက်တခုဖြစ်တဲ့ လျှပ်စစ်မီး ရရှိရေးကိုလည်း တိုင်းဒေသကြီးအစိုးရက အခုအချိန်မှာ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောပါတယ်။ ဒီစီမံကိန်း စတင်လုပ်ဆောင်ဖို့ ကန်ထရိုက်ရခဲ့တဲ့ Italian-Thai Company က စီမံကိန်းအင်ဂျင်နီယာလည်းဖြစ်၊ စီမံကိန်းစတဲ့အချိန်ကစလို့ မြန်မာနိုင်ငံမှာ တောက်လျှောက်နေလာခဲ့သူလည်းဖြစ်တဲ့ ထိုင်းနိုင်ငံသား မစ္စတာအန်နန်ကတော့ သူတို့ကုမ္ပဏီအနေနဲ့ မြန်မာ-ထိုင်း နဲ့ ဂျပန် အစိုးရတို့နည်းတူ စီမံကိန်း ပြစလိုကြောင်း။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်စနိုင်မယ်ဆိုတာကတော့ JICA က လာမယ့် သတင်းအချက်အလက်တွေအပေါ်မှာသာ မူတည်နေကြောင်း VOA ကို ပြောပြခဲ့ပါတယ်။

ဖြေ ။ ။ ဘယ်တော့ပြန်စမယ်ဆိုတာကို ကျနော်တို့ တိတိကျကျ မသိပါဘူး။ JICA ကနေ မြန်မာအစိုးရကိုပေးတဲ့ အချက်အလက်တွေအပေါ် မူတည်ပါတယ်။ ကျနော် အတိအကျ မပြောနိုင်ပါဘူး။

မေး ။ ။ ဒီစီမံကိန်းမှာ Initial Phase ကနဦးအကောင်အထည် ဖော်ရမယ့်အဆင့်နဲ့ Full Phase ခေါ် Second Phase ဖြစ်တဲ့ စီမံကိန်းတခုလုံးရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို အပြည့်အဝ အကောင်အထည်ဖော်ပေးမယ့်အဆင့်ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ အသေးစားနဲ့ အလတ်စား တပိုင်းတနိုင် စီးပွားရေးလုပ်ငန်းတွေ ပါဝင်မယ့် ဇုန်အလိုက်ခွဲထားမယ့် ကနဦးအဆင့်ကို Italian-Thai Company က တာဝန်ယူ တည်ဆောက်ရမှာဖြစ်ပြီး ကျန်အစိတ်အပိုင်းတွေကိုတော့ မြန်မာ၊ ထိုင်း၊ ဂျပန်အစိုးရတို့က တာဝန်ယူ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ကနဦးအဆင့်ကို ၂၀၁၈ ခုနှစ်မှာ အပြီလုပ်ကြဖို့ သဘောတူထားကြတာ ဖြစ်ပေမယ့်လဲ စီမံကိန်းကြီးတခုလုံး ၂၀၁၃ ခုနှစ်မှာ ရပ်တန့်သွားခဲ့တာကြောင့် စက်ရုံ၊ အလုပ်ရုံတွေ အလုပ်သမားတွေနဲ့ စည်းကားနေမယ့်အစား ဆောက်လုပ်စတန်းလန်း အဆောက်အအုံတွေ၊ တပိုင်းတစ ပျက်စီးယိုးယွင်းနေတဲ့ အဆောက်အအုံတွေနဲ့ အစောင့်ချထားတဲ့ လူတဦး၊ နှစ်ဦးသာ ရှိနေပါတယ်။

ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်တို့အတွက် သတ်မှတ်ထားတဲ့ မြေနေရာဟာ ဧက လေးသောင်းရှစ်ထောင်လောက် ရှိနေတာအပြင်၊ မူလကတည်းက အခြေခံအဆောက်အအုံ ကောင်းကောင်းမွန်မွန်ရှိတဲ့ ဒေသမဟုတ်တာကြောင့် မိုးရာသီ မဟုတ်တဲ့အချိန်မှာတောင် သွားလာရေးအတွက် အခက်အခဲ ရှိနေပြီး၊ မိုးတွင်းကာလမှာတော့ သွားလာလို့ မရနိုင်အောင် ခက်ခဲကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိရှိနေတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးပြီး ရာထားတဲ့အတိုင်းသာ ထားဝယ်ရေနက်စီမံကိန်းကို အကောင်အထည်ဖော် လည်ပတ်နိုင်မယ်ဆိုရင် ဒါဟာ အရှေ့တောင်အာရှတိုက်မှာ အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမှာပါ။ ဒါကြောင့်လဲ ဒီရေနက်စီမံကိန်းအပေါ် ဒေသခံ အတော်များများကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားထားရုံတင်မကဘဲ ဒေသတွင်း နိုင်ငံတွေနဲ့ ဥရောပတိုက်က နိုင်ငံတွေအထိ စိတ်ဝင်စားမှု ခံနေရပါတယ်။

ဒါပေမဲ့ ရေနက်စီမံကိန်းနဲ့ စီးပွားရေးဇုန်တို့ရဲ့ အောင်မြင်မှုဟာ ရင်းနှီးမြုပ်နံှမှု ဘယ်လောက်အထိ ရောက်လာမလဲဆိုတဲ့အပေါ် အများကြီး မူတည်နေတာကြောင့် အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတဲ့ ကိစ္စကတော့ ဘယ်သူမှ အတတ်မပြောနိုင်သေးပါဘူး။

ဖြေ ။ ။ ဝင်လာတဲ့ ရင်းနှီးမြုပ်နံှမှုပေါ် မူတည်တာပေါ့။ စက်ရုံ၊ အလုပ်ရုံတွေ ဝင်လာမယ်။ အခြေခံအဆာက်အအုံတွေလည်း တခုပြီးတခု ပြည့်စုံလာမယ်။ ကျွဲကူးရေပါ - ဒီလမ်းပြီးသွားလို့ရှိရင် ပထမဦးဆုံး ခံစားရမှာကတော့ ခရီးသွားလုပ်ငန်းပါ။ ဒီခရီးသွားလုပ်ငန်းထဲမှာမှ လုပ်ငန်းရှင်တွေက ပါလာနိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့နဲ့ အနီးကပ်ဆုံးနေတဲ့ ထိုင်းမှာ ဂျပန်လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ ဂျပန်ကလည်း တနင်္သာရီတိုင်းကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ်ဆိုတာ ပထမတချက် သဘာဝဘေးအန္တရာယ် မရှိဘူး။ ငလျင်ကြော လုံးဝမရှိဘူး။ တနိုင်ငံလုံးမှာ တနင်္သာရီတိုင်းတခုပဲ ငလျင်ကြော လွတ်တယ်။ လက်နက်ကိုင် ပဋိပက္ခ မရှိဘူး။ ဘာသာရေး ပဋိပက္ခ လုံးဝမရှိဘူး။ အဲဒီအချက်တွေနဲ့ တော်တော်ပြည့်စုံတယ်။ ငြိမ်းချမ်းတဲ့ဒေသ ဖြစ်တယ်။ ငြိမ်းချမ်းရေးညီလာခံလည်း ပထမဦးဆုံး လုပ်နိုင်တဲ့ တိုင်းဖြစ်တယ်။ အခုဆိုရင် KNU နဲ့ မွန်ပြည်သစ်တို့က NCA လက်မှတ်ထိုးပြီသာဖြစ်တယ်။ ပထမ KNU ထိုးတယ်။ အခုကြတော့ မွန်လည်းထိုးတယ်ဆိုတော့ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ နှစ်ဖွဲ့စလုံးက ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသာ ဖြစ်တယ်။ နောက် အခုနပြောတဲ့ သဘာဝဘေးအန္တရာယ် မရှိဘူး။ ဘာသာရေး ပဋိပက္ခ မရှိဘူး။ ရှည်လျားတဲ့ ကမ်းရိုးတန်းကြီးပဲ ရှိတယ်။ ပြီးတော့ တိုးတက်ပြီသား နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့နဲ့ အနီးဆုံးတိုင်း ဖြစ်တယ်။

မေး ။ ။ ဒီရေနက်စီမံကိန်း ပြန်လည်စတင်ဖို့ စိတ်အားထက်သန်နေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေသာ အဆင်သင့် ရှိနေမယ်ဆိုရင် ရင်းနှီးမြုပ်နံှမှုတွေ သူ့အလိုလို ရောက်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ထားဝယ်ရေနက်စီမံကိန်းကို မျှော်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်ပြီး လည်ပတ်နိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာမှာ ဖြစ်သလို တနင်္သာရီတိုင်း ဒေသကြီးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း အကြီးမားဆုံး အထောက်အကူ ဖြစ်စေပြီး၊ နိုင်ငံတော်အတွက်ပါ အခွန်တွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ စာရွက်ပေါ်မှာ ရေးဆွဲထားတဲ့ စီမံကိန်းတွေကို တကယ့်လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ လွှဲချော်တတ်တာတွေ ရှိတတ်သလို၊ တဘက်မှာလည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပြန်တာကြောင့် တကယ်ပဲ မျှော်လင့်ထားသလို ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။